တောင်ကုတ်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်
DVB
·
July 21, 2020
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမရဲကင်းစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား သက်ထွဋ်အောင်ဟာ ဇူလိုင်လ ၂၀ ရက်နေ့ညနေက သူကိုင်ဆောင်ထားတဲ့သေနတ်နဲ့ သူ့ကိုယ်သူ ပစ်ခတ်သေဆုံးသွားခဲ့တယ်လို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။
တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “ည ၆ နာရီလောက်မှာ ရွာမ ရဲကင်းစခန်းက ရဲတပ်သား သက်ထွဋ်အောင်ဆိုတဲ့သူပေါ့၊ သူက စိတ်ကရောကင်ခြောက်ခြား ဖြစ်ပြီးတော့ သူ့ကိုထုတ်ပေးထားတဲ့သေနတ်နဲ့ ကိုယ့်ဟာကိုသတ်သေသွားတာပေါ့”လို့ ပြောပါတယ်။
အဆိုပါ ရဲတပ်သား သက်ထွဋ်အောင်သေဆုံးမှုနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကလည်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ထမ်းဆောင်နေ တဲ့ စခန်းမှူးတစ်ဦးဟာလည်း သတ်သေမှုတခုဖြစ်ပွားခဲ့ပါတယ်။
သတင်း- နောင်နောင်