Home
မြန်မာသတင်း
မိုးစပါးစိုက်ခင်းများ ရေပြတ်လတ်နေသဖြင့်  အိုင်ဇောက်ရေတံခါး ဖွင့်ပေးစေလို
DVB
·
July 21, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်လဿကျေးရွာအုပ်စု အတွင်းက မိုးစပါးသီးနှံစိုက်ခင်းတွေဟာ မိုးရွာသွန်းမှု အလွန်နည်းပါးတာ​ကြောင့် ရေငတ်မှုပြဿနာ ကြုံတွေ့နေပါတယ်။  ရိုးချောင်းတွေအတွင်းကို အိုင်ဇောက် ရေတံခါးကို ဖွင့်ပြီး မြစ်ရေသွင်းပေးပါက စပါးစိုက်ခင်းအတွင်း ရေတင်လို့ ရမှာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ တော်လဿကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က  "အ​ခြေအနေက မိုးအရမ်းနည်းနေတယ်၊ တော်လဿအုပ်စု အိုင်ဇောက်မှာက ရေတံခါး ရှိတယ်၊ ​မြစ်ရေတက်တဲ့အခါကျ ဒီရေတံခါးကနေ မြစ်ရေတက်လို့ရှိရင် ရေက ရိုးချောင်းနေထဲကို ရောက်တဲ့အတွက် လယ်သမားတွေက ရိုးချောင်းနေကနေတဆင့် လယ်ထဲကို ရေသွင်းလို့ရတယ်၊ အဲ့ဒါကြောင့် အဲ့ဒါကို ဖွင့်ပေးဖို့ ဆည်မြောင်းဌာနကို တင်ထားတာပါ၊ အခုက မိုးမရွာတော့ ကျနော်တို့ အနောက်ခြမ်းတစ်​ခြမ်းလုံးက လယ်တွေရေငတ်တယ်ပေါ့။ အဲ့ဒါကြောင့် ဒီရေတံခါးရယ်၊ ခမုံချမ်းသာကုန်းရေတံခါးရယ်၊ ဒီ နှစ် ပေါက်ကို ဖွင့်မယ်ဆိုရင်တော့ အနောက်ခြမ်း လယ်သမားမှန်သမျှ အကုန်လုံးအဆင်ပြေသွားမှာ​ပါ" လို့ ပြောပါတယ်။ ​လက်ပံတန်းမြို့နယ်၊ တော်လဿကျေးရွာအုပ်စု တစ်ခုထဲမှာပဲ မိုးစပါးစိုက်ပျိုးဧက ၂၀၀၀  ကျော်ရှိပြီး၊ ဒီ အိုင်ဇောက်ရေတံခါးကို ဖွင့်ခြင်းအားဖြင့် လက်ပံတန်းမြို့နယ် အနောက်ခြမ်းက ကျေးရွာအုပ်စုတွေဖြစ်တဲ့ ခမုံ၊ ရေကြည်၊ သီတာကုန်း စတဲ့ ရွာတွေက လယ်တွေကိုပါ ရေတင်လို့ အဆင်ပြေမှာဖြစ်ကြောင်း ဦးထွန်းလွင်က ဆက်လက်ပြောဆိုပါတယ်။ တော်လဿကျေးရွာက လယ်သမား၁ဦး ဖြစ်တဲ့ ဦးလှစိုး က "လက်ပံတန်းမြို့နယ်၊ တော်လဿအုပ်စု၊ အိုင်ဇောက်ကျေးရွာမှာ ရေတံခါးရှိတယ်။ လယ်ဧကပေါင်း ၃သိန်းကျော်လောက် ရေငတ်နေတယ်၊ခါတိုင်းက မိုးကောင်းတယ်။ ဒီနှစ်က မိုး မကောင်းတဲ့အတွက် ဒီရေတံခါးကနေ ရေသွင်းခွင့် ​တောင်းထားပါတယ်။ အဲ့တော့ လိုအပ်တဲ့ အချိန်ကိုတော့ ပြန်ပိတ်ပေးမယ်၊ ရေမလုံလောက်သေးရင်တော့ သွင်းစေချင်တယ်။ မြို့နယ် ဆည်မြောင်း ကတော့ ဆင်းတော့ ကြည့်မယ်ပြောတယ်၊ လိုအပ်ရင်တော့ လုပ်ပေးမယ်ပြောတယ်၊ လောလောဆယ်တော့ ဘာမှ မဆောင်ရွက်သေးပါဘူး " လို့ ပြောပါတယ်။ လက်ပံတန်းမြို့နယ်မှာ ၂၀၁၉ခုနှစ် ဧပြီလ ကနေ ဇူလိုင်လအတွင်း မိုးရေချိန်လက်မ(၂၇၆.၁၇ ) ရွာသွန်းခဲ့ပြီး၊ ဒီနှစ်တော့  ဧပြီလ ကနေ ဇူလိုင်လအတွင်း မိုးရေချိန်လက်မ(၄၈၂. ၀၅)ရွာသွန်းတာကြောင့် ယခင်နှစ်ကထက် မိုးရွာသွန်းမှုပိုများတယ်လို့ မိုးဇလဌာနက သိရပါတယ်။ လက်ပံတန်းမြို့နယ်မှာ မိုးစပါးစိုက်ပျိုးမြေဧက ၁၀၁၈၄၆ ရှိပြီး၊ လက်ရှိမှာ ပုတိမ်စု၊ ကြို့ပင်စခန်း၊ ရေကန်၊ မင်းလမ်းနဲ့ တော်လဿအုပ်စုတွေက စိုက်ပျိုးရေးဌာနသို့ ရေလိုအပ်မှု ရှိနေတာတွေကို တင်ပြထားကြောင်း၊ စိုက်ပျိုးရေးဌာန တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။ သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024