နယ်စပ်မှတရားမဝင်ပြန်လာသူများထံက ကျောင်းသားများ ကိုဗစ်-၁၉ ကူးစက်ခံရမှာ စိုးရိမ်
DVB
·
July 21, 2020
ကရင်ပြည်နယ်မှာ တရားမဝင် နယ်စပ်ဂိတ်တွေကနေ ပြန်လည်ခိုးဝင်နေသူတွေ ရှိနေတဲ့အတွက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကျောင်းသား ကျောင်းသူတွေနဲ့ ထိစပ်မိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာ စိုးရိမ်တယ်လို့ ဇူလိုင် ၂၁ ရက်က ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ခင်မိုးအေးက ပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က မဲဆောက်-မြဝတီ သွားလာလာနေတဲ့ လှေဂိတ် ၃၃ ဂိတ်ကို ထိုင်းနိုင်ငံက ပြန်လည်ဖွင့်လှစ်ခဲ့တဲ့အတွက် တရားမဝင် ဝင်ထွက်သွားလာနေသူတွေ၊ ပြန်လည် ခိုးဝင်နေသူတွေဟာ ကျန်းမာရေးစစ်ဆေးမှု ခံယူတာတွေမရှိတဲ့အပြင် မိမိတို့နေရပ်တွေကို ပြန်လည် ဝင်ရောက်လာမှုတွေကြောင့် စိုးရိမ်နေရတာပါ။
ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှုး ဒေါက်တာ ခင်မိုးအေးက " ခိုးမဝင်ဘဲ တရားဝင်လမ်းကြောင်းကလာရင်တော့ ကျမတို့လက်ထဲရောက်တယ်။ တို့ဖတ်ယူတယ်။ Quarantine ထားတယ်။ ခိုးဝင်တဲ့လူတွေက ကျမမြို့နယ်ထဲမှာ ရှိနေတယ်။ အဲလိုလူတွေနဲ့ ထိတွေ့လား မထိတွေ့လားဆိုတာ မသိရဘူး။ ဒါကြောင့်မို့ လမ်းညွှန်ချက်အတိုင်း ဖွင့်ခိုင်းတာ။ စိတ်လဲပူတယ်"လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးမင်းကျော်ဉာဏ်ခိုင်က "စိတ်တော့ပူတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဆို မပူရပါဘူး။ ကလေးတွေ ကျန်းမာဖို့ ဆရာကော၊ မိဘကော ပူးပေါင်းမှ အကုန်လုံး အဆင်ပြေမယ်လို့ မျှော်လင့်တယ်"လို့ ဆိုပါတယ်။
ဘားအံမြို့နယ်အတွင်း အစိုးရအထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပုဂ္ဂိုလ်ကကျောင်းတွေအပါအဝင် ကျောင်းပေါင်း ၆၇ ကျောင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား တာတွေကို စစ်ဆေးခဲ့သလို ရှောင်တခင် စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားနေပါတယ်။
အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း တိတိကျကျ လိုက်နာမှုမရှိတဲ့ကျောင်းတွေကို ပိတ်ပင်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
သတင်း- ရဲမင်းခေါင်