တရုတ်နိုင်ငံ ဝမ်ကျားဘာစခန်းမှရေပိုလွှဲများ ဖွင့်ချ
DVB
·
July 21, 2020
တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေပြည်နယ်က ဟွိုင်မြစ်ပေါ်မှာ တည်ထားတဲ့ အဓိက ဇလဗေဒ စခန်း ဝမ်ကျားဘာကနေ ရေဖိအားလျှော့ချဖို့ ရေပိုလွှဲတွေကို ဇူလိုင် ၂၀ မှာ ဖွင့်ချလိုက်ရပါတယ်။
ရေတွေကို လူ ၂ သိန်း နေထိုင်ရာ အနားက မုန့်ဝါကြားခံဇုံဆီ လွှဲဖို့ ရေလွှဲပေါက် ၁၃ ပေါက်ကို ဖွင့်ချခဲ့တာလို့ အစိုးရမီဒီယာ ရှင်းဟွာသတင်းမှာ ရေးပါတယ်။
လတ်တလော မိုးကြီးမှုကြောင့် ဝမ်ကျားဘာစခန်းက ရေအမြင့်ဟာ စိုးရိမ်ရေမှတ်ရဲ့ အထက် ၁ ဒသမ ၁၈ ပေအထိ ကျော်လွန် မြင့်တက်ခဲ့တယ်လို့ ရှင်းဟွာက ပြောပါတယ်။
ဇူလိုင် ၂၀ ရက် မနက်မှာတော့ တရုတ်နိုင်ငံရဲ့ အရောင် ၄ မျိုး သတိပေးစနစ်ထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဒေသန္တရ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ရက်တွေနဲ့ချီ မိုးသည်းအပြီး နောက်ထပ် မိုးကြီးဦးမယ်လို့ မျှော်လင့်ရလို့ တရုတ်အစိုးရဟာ ရေလွှမ်းမိုးမှု အရေးပေါ် တုံ့ပြန်ရေးအဆင့်ကို အမြင့်ဆုံးထိ တနင်္လာနေ့က မြှင့်တင်လိုက်တယ်လို့ တရုတ် ရေအရင်းအမြစ်ဝန်ကြီးဌာန ဟွိုင်မြစ်ကော်မရှင်က ဆိုပါတယ်။