A d v e r t i s e m e n t With Us

ဟောင်ကောင်နှင့် ရာဇဝတ်သားလွှဲပြောင်းရေး သဘောတူညီချက် ဗြိတိန်အစိုးရ ဆိုင်းငံ့

ဗြိတိန်အစိုးရက ဟောင်ကောင်နဲ့ ရာဇဝတ်သား လွှဲပြောင်းရေး သဘောတူညီချက်ကို ဆိုင်းငံ့မယ်လို့ ဇူလိုင် ၂၀ မှာ ကြေညာလိုက်ပါတယ်။ ဗြိတိန်ကိုလိုနီဟောင်းနဲ့ လက်ရှိ တရုတ်ပြည်မကြီး လက်အောက်ခံ ဟောင်ကောင်မှာ တရုတ်က နိုင်ငံတော်လုံခြုံရေးဥပဒေကို မိတ်ဆက်အပြီး အငြင်းပွားမှု တိုးနေချိန်မှာ ခုလို ဆိုင်းငံ့လိုက်တာပါ။ ရာဇဝတ်သားကို မူရင်းနိုင်ငံမှာ တရားစီရင်ခံဖို့ အစိုးရချင်း လွှဲပြောင်းပေးမယ့် အထူးသဘောတူညီချက်ကို ချက်ချင်း ဆိုင်းငံ့မယ်၊ ဟောင်ကောင်နဲ့ လက်နက်ကုန်သွယ်မှု တားမြစ်ချက်ကို သက်တမ်းတိုးမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရဘ်က လွှတ်တော်ကို ပြောပါတယ်။ တရုတ်ရဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေသစ် လက်အောက်မှာ ဗြိတိန်ဆီက ရာဇဝတ်သား လွှဲယူမှုကို အလွဲသုံးစား လုပ်ခံရမယ့်အရေးကို ဟန့်တားနိုင်ရမယ်လို့လည်း သူက ပြောပါတယ်။ ဒီတားမြစ်ပိတ်ပင်ချက်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်နဲ့ ဗြိတိန်ကြား ၂၀၁၅ မှာ ချမှတ်ခဲ့တဲ့ ရွှေခေတ် ဆက်ဆံရေးအတွက် ရိုက်ချက်နောက်တခု ဖြစ်လာပါတယ်။ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားမှုကို နှိမ်နင်းမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ အမှန်တရား အားလုံးကို မပြောတဲ့ တရုတ်အပေါ် အမြင်တွေကြောင့် ဗြိတိန်အစိုးရက တရုတ်ကို ပြစ်တင်ရှုတ်ချထားပါတယ်။ သြစတြေးလျနဲ့ ကနေဒါတို့ကလည်း ဟောင်ကောင်နဲ့ ရာဇဝတ်သား ဖလှယ်ရေး သဘောတူညီချက်တွေကို ဒီလ အစောပိုင်းမှာ ဆိုင်းငံ့ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up