Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးကာလမတိုင်ခင် UDP ပါတီက လက်ကမ်းစာစောင်များ လိုက်လံဝေငှ
DVB
·
July 21, 2020
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မယ့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)က ပါတီရည်မှန်းချက် ၁၂ ချက်ပါတဲ့ လက်ကမ်း စာစောင်တွေကို အိမ်တိုင်ရာရောက် လိုက်လံဝေငှနေပါတယ်။ ဒီလိုဝေငှတာဟာ မဲဆွယ်စည်းရုံးတာ မဟုတ်ဘဲပါတီက ပြည်သူနဲ့အတူ ရှိတယ်ဆိုတာ သိအောင် အိမ်တိုင်ရာရောက် လိုက်လံဝေငှတာဖြစ်ပြီး UDP ပါတီရုံးချုပ်ကလည်း ခွင့်ပြုထားတယ်လို့ UDP ပါတီ ပေါင်မြို့နယ် ဥက္ကဋ္ဌ ဦးမင်းစိုးသန်းက ပြောပါတယ်။  “ဒီစာက ကျနော်တို့ပါတီရဲ့ ရုံးသုံးစာအဖြစ် ပြည်သူတွေ သိရှိအောင်လိုက်လံဝေငှတဲ့ သဘောပါ။ အခုဆိုရင်ပါတီကြီးတွေဖြစ်တဲ့ NLDပါတီ၊ ကြံ့ခိုင်ရေးပါတီတွေရှိသလို  ကျနော်တို့ UDP ပါတီကလည်း ပြည်သူနဲ့အတူရှိနေတယ်ဆိုတာကို သိအောင်လို့ အိမ်တိုင်ရာရောက် လိုက်ဝေတဲ့ သဘောပါ။ မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ လူစည်ကားတဲ့နေရာ တွေမှာလည်း ကျနော်တို့လိုက်ဝေနေတာ မဟုတ်ဘူး။ ပါတီဗဟိုရုံးချုပ်ကလည်း ဒီလိုမျိုးတွေလုပ်ဆောင်ဖို့ ခွင့်ပြုထားတဲ့ စာလည်းရှိပါတယ်။” လက်ရှိမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ရဲ့ ရည်မှန်းချက် ၁၂ ချက်ပါ လက်ကမ်းစာစောင်တွေကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အိမ်တိုင်ရာရောက် ဝေငှပေးတဲ့အပေါ် အမှန်တကယ် ရောက်ရှိခြင်း ရှိ/မရှိ ပါတီဗဟို CEC အဖွဲ့တွေနဲ့ လိုက်လံ စစ်ဆေးကာ ဗဟိုရုံးချုပ်ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။  UDP ပါတီက ဒီလို ဝေငှမယ့် ကိစ္စကို ဇူလိုင် ၁ ရက်နေ့ကစပြီး လုပ်ဆောင်မယ်လို့ ပေါင် မြို့နယ်က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို တင်ပြလာတာရှိပေမဲ့ မဲဆွယ်စည်းရုံးရေး ကာလ မသတ်မှတ်ရသေးတာကြောင့် မဲဆွယ်စည်းရုံးမှု အသွင်ဆောင်တဲ့ လုပ်ရပ်ဖြစ်လို့ ခွင့်မပြုထားဘူးလို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။ “UDP ရဲ့ ရည်မှန်းချက် ၁၂ ချက်ပါတဲ့စာရွက်စာတမ်းတွေကို ပြည်သူတွေသိအောင် အိမ်တိုင်ရာရောက်ပေးကမ်းခြင်းကိစ္စကို ဇူလိုင် ၁ ရက်နေ့ကစပြီး လုပ်ဆောင်မယ်လို့ ပေါင်မြို့နယ်က တင်ပြလာတာရှိပါတယ်။ အဲ့ဒီအပေါ်မှာလည်း ကျနော်တို့က မဲဆွယ်စည်းရုံးခြင်း ခွင့်ပြုကာလသတ်မှတ်ခြင်း မရှိသေးတဲ့အတွက် အခုလိုဆောင်ရွက်မှုအပေါ် မဲဆွယ်စည်းရုံးမှု အသွင်ဆောင်တဲ့သဘောဖြစ်နေလို့ ခွင့်မပြုကြောင်း မြို့နယ်ပါတီကိုလည်း စာပေးပို့ထား ပြီဖြစ်ပါတယ်”  ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာတွေမှာ ညီညွတ်သောဒီမိုကရက်စတစ်ပါတီက စာရွက်စာတမ်းတွေကို အိမ်တိုင်ရာရောက်လက်လံဝေငှ နေတဲ့အပေါ် ဒေသခံတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေအပေါ်မှာလည်း ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ဒီကိစ္စနဲ့  ပတ်သက်ပြီး ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD တာဝန်ရှိသူ တစ်ဦးကတော့ “ဒီကာလက ပါတီစည်းရုံးရေးကို လုပ်ဆောင်ခွင့်ရှိတဲ့ ကာလရောက်နေပါပြီ။ မဲဆွယ်စည်းရုံးတဲ့ ခေါင်းစဉ်ကတော့ မကျလာသေးဘူး။ သူတို့ဝေနေတဲ့စာစောင်ရဲ့အပေါ်မှာ မူတည် ပြီးတော့ ဥပဒေကို ဘယ်လိုချိုးဖောက်သလဲဆို တာကြည့်ရမှာပေါ့။ သူ့ပါတီဝင် အချင်းချင်းမှာ ဝေငှတာမျိုးဆိုရင်တော့ သိပ်အရေးမကြီးဘူး။ သာမာန်ပြည်သူတစ်ယောက်ရဲ့ အိမ်ကိုဝင်ရင်တော့ မဲဆွယ်စည်းရုံးတာ ဖြစ်သွားပြီ။ ကျနော်တို့တောင်မှ အခုလက်ရှိပါတီစည်းရုံးရေးကို ပါတီဆိုင်းဘုတ် အောက်နဲ့ပါတီဝင်အိမ်မှာဘဲ လုပ်ရဲတဲ့အနေအထားရှိပါတယ်။ သာမန်ပြည်သူရဲ့အိမ်ကိုတော့ မရောက်သေးပါဘူး။ စည်းရုံးရေးကာလမဟုတ်လို့ စည်းကမ်းဖောက်သလိုဖြစ်နေမယ်” လို့ ပြောပါတယ်။ သထုံခရိုင်အတွင်းမှာ ပါတီရုံးစိုက်ထားတဲ့နိုင်ငံရေးပါတီပေါင်း ၁၉ပါတီရှိပြီး ခရိုင်အဆင့် ပါတီရုံး ၆ရုံး၊ မြို့နယ်အဆင့်ပါတီရုံး ၃၈ရုံး၊ ရပ်ကျေးအဆင့်ပါတီရုံး ၆၆၆ရုံးရှိကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024