Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရ၏ ၃ ယောက်မြောက် နယ်လုံဝန်ကြီးကို တိုင်းလွှတ်တော် အတည်ပြု
Aung Ko Latt
·
July 21, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နယ်လုံဝန်ကြီးသစ်ကို  ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်အစား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုးကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုယ်စား  စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဒီကနေ့ လွှတ်တော်ကို အဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့ သဘောထားရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုခဲ့ပါတယ်။ ဒီနောက်  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင်စိုးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ  ကတိပြုလက်မှတ်ရေးထိုး ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကတိသစ္စာမပြုရသေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် သစ် ၃ ဦးက လည်း လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှာ ကတိပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း လုံခြုံရေးနဲ့  နယ်စပ်ရေးရာ ဝန်ကြီးပြောင်းလဲမှု ၃ ဦးထိရှိပြီဖြစ်ပါတယ်။ ပထမဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သန်းနိုင်က တာဝန်ယူခဲ့ပြီး   ဒုတိယအဖြစ် ဗိုလ်မှူးကြီး သန်းထွန်းအောင်နဲ့ အခုတတိယမြောက်အဖြစ်  ဗိုလ်မှူးကြီး  ဝင်းတင်စိုးတို့က တာဝန်ယူမှာဖြစ်ပါတယ်။ အခုလို ဝန်ကြီး ၃ ဦးထိ ပြောင်းလဲတဲ့အပေါ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် ထွေထွေထူးထူးမပြောလိုဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးအသစ်အနေနဲ့ ကျန်ရှိတဲ့ သက်တမ်းအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးစေချင်တယ်လို့ ပြောပါတယ်။ ဒီကနေ့ အထူးအစည်းအဝေးပထမနေ့မှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကတိသစ္စာပြုတာ၊ ဝန်ကြီးသစ်ခန့်အပ်တာ၊ ကိုယ်စားလှယ် ၃ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ မေးခွန်း ၃ ခု မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် စီမံဘဏ္ဍာဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းတို့ကို လွှတ်တော်ကို တင်သွင်းခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024