Home
မြန်မာသတင်း
မူးယစ်ဆေးဝါး စစ်ဆေးသည့်  ပြင်ဦးလွင်က x-ray စက် ဝက်ဝံကျေးရွာသို့ပြောင်းရွှေ့မှာကို ဒေသခံများ လက်မခံ
DVB
·
July 21, 2020
ပြင်ဦးလွင်မြို့အထွက်က မူးယစ်ဆေးဝါးစစ်ဆေးတဲ့ x ray စက်ကို မူလနေရာနဲ့ ခြောက်မိုင်ခန့်အကွာက ဝက်ဝံကျေးရွာသို့  ပြောင်းရွှေမယ့်ကိစ္စကို ဒေသခံကျေးရွာသားတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ ‌ပြီးခဲ့တဲ့နှစ်က အဆိုပါစက်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဝက်ဝံကျေးရွာအနီး ပြောင်းရွှေ့လာပါက အလားသူ ပစ်ခတ်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက်ပစ်ခတ်ပါကလည်း ဘယ်နိုင်ငံဖြစ်စေ အနီးအနားက ကျေးရွာတွေဟာ မြေစာပင်ဖြစ်မှာပဲလို့ မန္တလေးတိုင်းဒေသကြီး ရဲမှူးချုပ် စိန်လွင်က ဇူလိုင်လ ၁၈ ရက်နေ့က ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ လုံခြုံရေးပိုင်းမှာ စနစ်တကျဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးမှာ ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ မူးယစ်ဆေးသတင်းရရှိပါက ဒေသခံတွေအနေနဲ့ ဝိုင်းဝန်းပူးပေါင်းကြဖို့ လိုတယ်လို့လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆိုပါတယ်။ မန္တလေးတိုင်း‌ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်ကတော့ "ပစ်ခတ်လို့ရှိရင် ဒါကတော့ ထိခိုက်မှာပဲ၊ဒါကတော့ သောင်းကျန်းသူရှိတဲ့ နေရာမှာရှိတဲ့ ရွာသူ ရွာသားတွေက မြေစာပင်ပဲ၊ ဒါ ဘယ်နိုင်ငံ ဘယ်နေရာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်ဖြစ် သောင်းကျန်းသူတွေ ရှိလာတယ်ဆိုလို့ရှိရင် တစ် ဘက်ဘက်က တိုက်တာပဲဖြစ်ဖြစ် တိုက်တဲ့အခါမှာ အဲ့ဒီဒေသမှာနေတဲ့ ပြည်သူတွေက မြေစာပင်ပဲ ဖြစ်မှာ၊ ထိခိုက်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေး လူမှုရေး၊စီးပွားရေး ထိခိုက်မှာ ဒါကတော့ သောင်းကျန်းသူရှိတဲ့နေရာတွေမှာ ခံစားရတဲ့ ဒုက္ခဖြစ်ပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ ဒါ မဖြစ်ဖူး၊ အာမမခံပါဘူး၊ဒါမဖြစ်အောင် ကျနော်တို့တွေ စီမံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲ့တော့ ဒီလို သောင်းကျန်းသူတွေ ဒီနေရာ ဒီဒေသကိုမထိခိုက်နိုင်အောင် ပူးပေါင်းပါဝင်ဖို့ကတော့ ဒီမှာရှိတဲ့ မိဘပြည်သူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီရွာသူရွာသားတွေဟာ ဒီနယ်ရဲ့ မူးယစ်ဆေးဝါးနဲ့သောင်းကျန်းသူတွေ ရှိတယ်ဆိုလို့ရှိရင် ဝိုင်းဝန်းပူးပေါင်းပြီးတော့ လျှို့ဝှက်နည်းလမ်းပေါင်းစုံနဲ့ အချိန်မီ အကြောင်းကြားလို့ရှိရင် မထိခိုက်ပါဘူး" လို့ပြောပါတယ်။ အဆိုပါ စက်ကိုပြောင်းရွှေ့တာဟာ လက်ရှိတည်နေရာထက် ရှောင်ကွင်းလမ်းပိုမိုနည်းတာ၊ ဝက်ဝံကျေးရွာ ရဲစခန်းအနီး ဖြစ်တဲ့အတွက် လုံခြုံမှု ပိုရှိတာတွေကြောင့် ယာယီပြောင်းရွှေ့မှာ ဖြစ်ပြီး နောက်ပိုင်းမှာ ရှမ်းပြည်နယ်ကို ပြောင်းရွှေ့မယ့်စက်ဖြစ်တယ်လို့လည်း တိုင်းရဲမှူးချုပ်က ဆိုပါတယ်။ ကျေးရွာအနီးမှာ အဆိုပါ x ray စက် ရွှေ့ပြောင်းဖို့လုပ်ဆောင်တာဟာ ကျေးရွာကို အသုံးချပြီး လူသားဒိုင်းသဖွယ် အသုံးပြုတာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ သူတို့ အနေနဲ့လည်း အဆိုပါစက်ကို ကန့်ကွက်တာမဟုတ်ပဲ ကျေးရွာထိပ်မှာ ထားရှိတာကို ကန့်ကွက်တာဖြစ်တယ်လို့ ဝက်ဝံကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဝက်ဝံကျေးရွာရဲ့ နာယက ဦးမောင်လေး က" ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများကို လူသားတံတိုင်းအနေနဲ့ အသုံးချတယ်လို့ပဲ ဒီလိုပဲ ကျတော်မြင်မိပါတယ်။အဲ့တော့ ကျနော့် အနေနဲ့က ဒီ စက်ကိုကန့်ကွက်တာ မဟုတ်ပါဘူး၊ နေရာလေးကို ရွှေ့ပြောင်းပြီးတော့ တည်ဆောက်ပေးပါလို့ ကျနော့်အနေနဲ့ ကန့်ကွက်ခြင်းဖြစ်ပါတယ်။ အဲ့တော့ ကျေးရွာသူ ကျေးရွာသားအနေနဲ့ သွားရေးလာရေး အစစအရာရာ ရင်တထိတ်ထိတ်နဲ့ နေရတဲ့အနေအထားမျိုး ရှိတယ်၊ ဒါကို အခြားတစ်နေရာ ရွာနဲ့ အလှမ်းကွာတဲ့နေရာကို ထားပေးပါလို့ ကျနော် အနေနဲ့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်" လို့ပြောပါတယ်။ x ray စက်ထားရှိတာကြောင့် ပစ်ခတ်မှုတွေကို စိုးရိမ်ရတာ၊ ယာဉ်ကြောပိတ်ဆို့တာ၊ ကျောင်းသားတွေအတွက် ယာဉ်အန္တရာယ်စိုးရိမ်ရတာ၊ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်ရတာ၊ မူးယစ်ဂိုဏ်းတွေကြောင့် မှောင်ခိုသယ်ပေးမယ့် လူငယ်တွေရှိလာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် လုံခြုံရေး လာရောက်တဲ့ တပ်မတော်သား တချို့က အိမ်ဝိုင်းတွေထဲအထိ ဝင်ရောက်ကာ လိုင်စင်မဲ့ကားဖမ်းဆီးတာမျိုးတွေအထိ ရှိနေတယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။ လတ်တလောမှာတော့ ဝက်ဝံကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရှာဖွေတဲ့ x ray စက် အသေးတစ်လုံးထားရှိထားတာလည်းဖြစ်ပါတယ်။ ဝက်ဝံကျေးရွာ ရပ်မိရပ်ဖ ဦးကျော်ဆွေက" ဒီစက်ကြီးထားရှိလာမယ်ဆိုရင် အဓိကစိုးရိမ်တာကတော့ ခုနက ဦးလေးကြီး ပြောသလိုပဲ၊ ပစ်ခတ်မှုဖြစ်ပွားမှာကို အစိုးရိမ်ဆုံးပဲ ၊ ကျန်တဲ့ယာဉ်ကြောပိတ်ဆို့တယ် ဘာညာဆိုတာကတော့ နိစ္စဓူဝဖြစ်တဲ့အတွက် ကြာရင် ပိတ်ဆို့တာတွေ သည်းခံပြီးတော့ နေသွားနိုင်လို့ ရသေးတယ်။ ဒီတိုက်ပွဲဖြစ်ပြီဆိုရင် ပတ်ခတ်မှုဖြစ်ပွားမယ်ဆိုရင် အဲ့ဒါက သည်းခံလို့မရတဲ့ ကိစ္စ၊ ဒီမှာ ထားတုန်းက ဆိုလို့ရှိရင် သူတို့က ဒီ စက်လက်ခေါ်တာပေါ့နော်၊ စက်လက်ကို ဒီ ရွာဘက်ကြီးကို ချိန်ထားတာ၊ဆိုတော့ အဲ့တုန်းကလည်း ဦးလေး မေးခဲ့ဖူးပါတယ်။ ဟုတ်ပြီ ရန်သူလာပြီ ပစ်ခတ်မှုဖြစ်မယ်၊ ရန်သူ ဘယ်နှစ်ယောက်မှန်မလဲ၊ ကျည်ဆံ အတောင့်တစ်ရာပစ်လိုက်မယ်၊ ရန်သူ ဘယ်နှစ်ယောက်မှန်မလဲ၊ လွတ်ထွက်သွားတဲ့ကျည်ဆံတွေက ဘယ်ကိုသွားမှန်နိုင်လဲ၊ အခုလည်း အဲ့လိုပဲ တကယ်လို့ ပစ်ခတ်မှု ဖြစ်ပွားပြီ၊  စက်ကြီးက ဒီကျေးရွာထဲမှာ ဖြစ်တဲ့အတွက် လက်နက်ကြီးကျည်က ဒီစက်ကိုမှန်ချင်လဲမှန်မယ်၊မမှန်ချင်လည်းမမှန်ဘူး၊အဲ့တော့ မှန်တဲ့ကျည်ကမှန်မယ်၊မမှန်တဲ့ကျည်က ဘယ်ကိုရောက်မလဲ၊ဒါတွေကို ဦးလေးက စိုးရိမ်တာ" လို့ ပြောပါတယ်။ အဆိုပါ x ray စက်ကို ဝက်ဝံကျေးရွာနဲ့ သုံးမိုင်ခန့်အကွာက ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ် ကြားက နေရာတစ်ခုမှာ ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဆိုပါနေရာဟာ ကွင်းလမ်းမရှိတဲ့အပြင် တိုက်ပွဲဖြစ်ပွားပါက အနီးအနားမှာ ထိခိုက်မှု ရှိမဲ့ ကျေးရွာလည်းမရှိတာကြောင့် ဝက်ဝံမှာ မထားပဲ အဆိုပါနေရာမှာ ထားသင့်တယ်လို့လည်း ကျေးရွာသားတွေက အကြံပြုပါတယ်။ x ray စက်ပြောင်းရွှေ့မယ့် ဝက်ဝံကျေးရွာက နေရာဟာ မန္တလေးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က သိမ်းဆည်းခံခဲ့ရတဲ့ မြေဖြစ်တာကြောင့် ပြန်လည်စွန့်လွှတ်ပေးဖို့ကိုလည်း မြေသိမ်းခံရသူတွေကလည်း တောင်းဆိုနေတာဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024