Home
မြန်မာသတင်း
ဖာပွန်မြို့နယ်၌ ရွှေဆွဲကြိုးလုယူပြီး အမျိုးသမီး ၁ ဦးအား ပစ်သတ်ခဲ့သည့် တပ်မတော်သား ၂ ဦး ဖမ်းဆီးခံရ 
DVB
·
July 21, 2020
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှာ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်နှစ်ဦးကို ဖမ်းဆီးထားပြီး ထိရောက်ပြင်းထန်စွာအရေးယူ သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာနေ  အသက် ၄၀ အရွယ် ကရင် အမျိုးသမီး တစ်ဦးကို တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး စိစစ်ဖော်ထုတ်ချက်အရ ပိုလိုထကျေးရွာနဲ့ နယ်မြေတဝိုက်ရှိတပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ ၂ ဦးဟာ ဇူလိုင် ၁၆ ရက်နံနက်အစောပိုင်းက  စခန်းမှခွင့်ပြုချက်မရဘဲ လက်နက်ငယ် ၂ လက်နဲ့အတူ ပိုလိုထကျေးရွာသို့ ရောက်ရှိပြီး ရွာသား ၃ ဦးနဲ့အတူ  ရွာတွင်းရှိအရက်ပုန်းဆိုင်မှာ အရက်အတူသောက်ခဲ့ကြကြောင်း၊ အရက်သောက်ပြီးနောက် ရွာသားတွေနဲ့ လမ်းခွဲကာရွာမှ စခန်းသို့ပြန်လာစဉ် အမူးလွန်တဲ့ စစ်သည် ၂ ဦးအနက် တပ်သားသန်းစိုးလွင်မှ အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို မတော်မတရားရယူဖို့ ရည်ရွယ်ချက်နဲ့ ရွာတွင်းအရက်ဆိုင်သို့ နေ့လယ်ပိုင်းမှာ ပြန်ရောက်လာပြီး  ဆွဲကြိုးအားလုယက်ခဲ့တယ်လို့ ဆိုပါတယ်။ လုယက်စဉ်မှာ ဆိုင်ရှင်အမျိုးသမီးနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ကာ အဆိုပါ စစ်သည် ကိုင်ဆောင်တဲ့ သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီးရဲ့ ဦးခေါင်းနောက်ပိုင်းနဲ့ နောက်ကျောနေရာအား ကျည်ထိမှန်ကာ  နေရာတွင်ပင် လဲကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါစစ်သည် ၂ ဦးမှာကြောက်လန့်ပြီး ရွာနဲ့ စခန်းကြားတောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင် ၁၇ ရက်မှာ စခန်းရှိရာသို့ ပြန်လည်အဖမ်းခံခဲ့ကြောင်း ပဏာမစုံစမ်းတွေ့ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံတဲ့ တရားခံစစ်သည် ၂ ဦးကို ဘီးလင်းတပ်နယ်စစ်ဘက်အချုပ်မှာ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းအရဥပဒေနဲ့အညီ ထိရောက်စွာအရေးယူမှာဖြစ်လို အမှုဖြစ်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သတင်းမပို့ခဲ့တဲ့ စခန်းမှတာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပစ်သတ်ခံရသူ နော်မူနော်မှာ ပိုလိုထကျေးရွာသူကြီး စောပုအေးရဲ့ ဇနီးဖြစ်ပြီး သူ့မှာ အသက်(၁၈)နှစ်အရွယ် သမီးကြီးနဲ့ အသက် (၁၅)နှစ်နဲ့ (၁၂)နှစ်အရွယ် သားနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေ အပြစ်ဒဏ်ခံဖို့၊ ပြည်သူတွေကို သတ်ဖြတ်တာ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရေးယူဖို့ ကရင်ငြိမ်းချမ်းရေးထောက်ပံ့ရေးကွန်ယက်က ကြေညာချက် ထုတ်ပြန်ချက် တောင်းဆိုထားပါတယ်။ ဒီဖြစ်စဉ်အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ကရင် ပြည် နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ကိုပါ ဇူလိုင်လ ၁၈ရက်နေ့က KNU တပ်မဟာ(၅)က တိုင်ကြားစာပေးပို့ ထားခဲ့ပါတယ်။ ဒီလို အရပ်သားပစ်သတ်ခံရမှု ဖြစ်စဉ်ဟာ NCA စာချုပ်ပါ နှစ်ဖက် လေးစားလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်ရဲ့ Military Code of Conduct (COC) ပါသဘောတူညီချက် တွေကို တပ်မတော်ဘက်က ဖောက်ဖျက်ကျူးလွန်ခဲ့ ကြောင်းလည်း တိုင်ကြားစာမှာပါရှိပါတယ်။   ဓာတ်ပုံ-DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024