ယူအေအီးက အင်္ဂါဂြိုဟ်ပေါ် ဂြိုဟ်တု လွှတ်တင်

1.7K
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးက အာရပ်ကမ္ဘာရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် ခရီးစဉ်အဖြစ် The Hope Probe ဂြိုဟ်တုကို ဒီနေ့ လွှတ်တင်လိုက်ပါတယ်။
ရေနံအပေါ်မှီခိုမှု လျှော့ချပြီး သိပ္ပံနဲ့ နည်းပညာစွမ်းရည် တိုးတက်စေရေး အားထုတ်နေတာလည်း ဖြစ်ပါတယ်။
ဂျပန်ရဲ့ တာ့နဲငါ့ရှိမ အာကာသဌာနကနေ မနက် ၁ နာရီ ၅၈ မိနစ်အချိန်မှာ ဂြိုဟ်တုကို လွှတ်တင်တာဖြစ်ပြီး အင်္ဂါဂြိုဟ်ဆီ ရောက်ဖို့ အချိန် ၇ လ ကြာနိုင်ပါတယ်။
အဲဒီဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်နေမှာဖြစ်ပြီး လေထုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာဂြိုဟ်ဆီ ပြန်ပို့မှာ ဖြစ်ပါတယ်။
ယူအေအီးနဲ့ ဂျပန်မှာ အာကာသ ပူးပေါင်းဆောင်ရွက်မှု ကာလရှည် ရှိခဲ့တယ်ဆိုတာ သေသေချာချာ ပြောချင်တယ်လို့ ယူအေအီး အာကာသဌာန ညွှန်ချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇူလိုင် ၁၄ မှာ လွှတ်တင်ဖို့ ကနဦး စီစဉ်ထားပေမယ့် ရာသီဥတု ဆိုးနေလို့ ၂ ကြိမ်တိုင် ရက်ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ လွှတ်တင်ပြီး တနာရီသာသာ အကြာမှာ ဂြိုဟ်တုက ကမ္ဘာမြေနဲ့ ရေဒီယိုလှိုင်း အသုံးပြု ဆက်သွယ်ခဲ့ပါတယ်။
လောလောဆယ်မှာ အင်္ဂါဂြိုလ် လေ့လာရေးလုပ်ငန်းစဉ် ၈ ခု အလုပ်လုပ်နေတာပါ။ တချို့က အင်္ဂါဂြိုဟ်ကို လှည့်ပတ်လေ့လာနေသလို တချို့က အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ကလည်း နောက်ထပ် ဂြိုဟ်တု တလုံးစီကို ဒီနှစ်ထဲမှာ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။