ဒီဂီယာ၏ အမှားများကို ဆိုးလ်ရှား သတိပေး

ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ည အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဂိုးသမား ဒီဂီယာရဲ့အမှားတွေနဲ့ပတ်သက်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီး တိုက်စစ်မှူး ဂီရော့က ပထမပိုင်းပြီးခါနီးမှာ အဖွင့်ဂိုးကို သွင်းယူလိုက်ပါတယ်။ ဒီဂိုးမှာ ဂီရော့ဟာ ဂိုးနဲ့အနီးကပ်ကနေ သွင်းယူလိုက်တာဖြစ်ပြီး ဒီဂီယာရဲ့ လက်နဲ့ထိခဲ့ပေမယ့် ဂိုးထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစမှာ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်က ဒုတိယဂိုး သွင်းယူလိုက်ပါတယ်။ ဧရိယာအပြင်ဘက်က အနိမ့်ဘောကန်ချက်ဟာ ဂိုးထဲ ရောက်ရှိသွားခဲ့တာ ဖြစ်ပြီး ဒီဂိုးမှာတော့ ဒီဂီယာဟာ ကာကွယ်လို့ရနိုင်တဲ့ အနေအထားကနေ ဂိုးအဖြစ် ခွင့်ပြုလိုက်ရတာပဲ ဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်း ခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့အတူ ချဲလ်ဆီးအသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး တတိယဂိုးမှာလည်း ဒီဂီယာမှာ လိုအပ်ချက်အနည်းငယ် ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ အခုရာသီအတွင်း ပုံမှန်လက်စွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် အရန်ဂိုးသမား ဆာဂျီယို ရိုမီရိုကလည်း အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရှက်ဖီးမှာ အငှားကစားနေတဲ့ ဟန်ဒါဆင်ဟာလည်း ဒီဂီယာရဲ့နေရာကို ခြိမ်းခြောက်နိုင်စွမ်းရှိနေသူ ဖြစ်တာကြောင့် ဒီလိုမျိုးအမှားတွေ ကျူးလွန်တာဟာ ဒီဂီယာရဲ့ ပွဲထွက်ခွင့်တနေရာအတွက် ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝန်ခံပါတယ်။ စပိန်ဂိုးသမားရဲ့ အမှားတွေနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက “လူတိုင်း ခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ ခြေစွမ်းပြနိုင်တဲ့လူတိုင်းဟာ အသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် အခွင့်အရေး ရှိနေပါတယ်။ ဒီဂီယာကိုယ်တိုင်လည်း ဒုတိယဂိုးကို ကာကွယ်သင့်လိုက်နိုင်တယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အခုတော့ ပွဲပြီးသွားပါပြီ။ ဒီအကြောင်းတွေအစား ကျနော်တို့ ဗုဒ္ဓဟူးနေ့ ပွဲစဉ်အကြောင်းကို စဉ်းစားနေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ဘီဘီစီ သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာလည်း ဆိုးလ်ရှားက “ကျနော် ဒီဂီယာရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး အတိအကျမပြောနိုင်ပေမယ့် သူဟာ စိတ်ဓာတ်ပိုင်းကြံ့ခိုင်တဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ဒုတိယဂိုးလိုမျိုး ကန်သွင်းချက်တွေကို ရာနှုန်းပြည့် ကာကွယ်နိုင်သင့်တယ်ဆိုတာကို သိရှိထားပေမယ့် ဒါဟာ ဘောလုံးအားကစားပါ။ ဒီဂီယာကို ပွဲထွက်ဖို့ ကျနော်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိလို့ ဒီလို ဆုံးဖြတ်ခဲ့တာပါ” လို့လည်း ပြောပါတယ်။  ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up