အိန္ဒိယတွင် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသဖြင့် အကြမ်းဖက်ဆန္ဒပြပွဲများ ဖြစ်ပေါ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ထဲမှာ ဆယ်ကျော်သက် မိန်းကလေး တယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကြောင့် အကြမ်းဖက်ဆန္ဒပြပွဲတွေ ဇူလိုင် ၁၉ ရက်က ပေါ်ပေါက်ခဲ့ပါတယ်။ မိန်းကလေးဟာ ဇူလိုင် ၁၈ ရက်က ပျောက်သွားတာဖြစ်ပြီး နောက်နေ့မနက်မှာ ကာလာဂတ်ချ်ဒေသက သူ့အိမ်နဲ့ ၁ ကီလိုမီတာတောင် မဝေးတဲ့ နေရာမှာ သူ့ကို သေဆုံးလျက်သား ပြန်ရှာတွေ့ခဲ့တာလို့ ဒေသခံမီဒီယာတွေက ‌ဖော်ပြပါတယ်။ သေဆုံးသူအတွက် တရားမျှတမှုကို တောင်းဆိုရင်း ရွာသားတွေက အမျိုးသားအဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့ပါတယ်။ ရဲကား ၃ စီးထက်မနည်းနဲ့ ဘတ်စ်ကား ၂ စီးကို မီးရှို့ခဲ့ပါတယ်။ အိန္ဒိယ ရဲအရာရှိတွေက အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်အတိုင်း လူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့ပါတယ်။  ၂၀၁၂ တုန်းကလည်း မြို့တော် နယူးဒေလီမှာ ဆေးကျောင်းသူတဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရလို့ ထောင်သောင်းချီတဲ့လူတွေ ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ၊ ရုပ်ရှင်ငွေကြယ်ပွင့်တွေ အပါအဝင် လူထုက တောင်းဆိုလို့ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ပိုမြန်တဲ့ တရားစီရင်ရေးလမ်းကြောင်းသစ်တွေ ဖြစ်ထွန်းလာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ ၂၀၁၈ ခုနှစ်က ပျမ်းမျှအနေနဲ့ ၁၅ မိနစ်တိုင်းမှာ အဓမ္မပြုကျင့်မှုတမှု ရှိနေတယ်လို့ အစိုးရက ၂၀၂၀ မှာ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။ အဲဒီတနှစ်ထဲမှာ အဓမ္မပြုကျင့်မှု တိုင်ကြားထားတာ ၃၄,၀၀၀ ကျော် ရှိပြီး ၈၅ ရာခိုင်နှုန်းကို တရားစွဲနိုင်ခဲ့ပြီး ၂၇ ရာခိုင်နှုန်းကို တရားစီရင်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်စဉ် ရာဇဝတ်မှုပြ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up