A d v e r t i s e m e n t With Us

ထိုင်းတွင် ကိုဗစ်-၁၉ ကာလတွင်း အစိုးရအား ပထမဆုံးအကြိမ် ဆန္ဒပြ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ လူစုလူဝေး လုပ်ခြင်းကို ဥပဒေနဲ့ တားမြစ်ထားပေမဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းပေါ်ထွက်လာပြီး လက်ရှိ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။  ပြီးခဲ့တဲ့ ဇူလိုင် ၁၈  ရက်နေ့ညက ထိုင်းနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ Student Union of Thailand နဲ့ လွတ်လပ်သော လူငယ်အဖွဲ့ Free YOUTH တို့ ဦးဆောင်ပြီး ဘန်ကောက်မြို့လယ် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်နားမှာ ညနေ ၅ နာရီကနေ သန်းခေါင်ယံထိ ဆန္ဒပြခဲ့ကြပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကာလ အလုပ်လက်မဲ့ပြဿနာကို အစိုးရအနေနဲ့ မဖြေရှင်းပေး နိုင်တာ၊ အလုပ်လက်မဲ့ပြည်သူတွေကို ထောက်ပံ့ကူညီမှုနှောင့်နှေးကြန့်ကြာတာ၊ နိုင်ငံထဲ ဝင်လာတဲ့ ဗွီအိုင်ပီ (အထူးပုဂ္ဂိုလ်) တွေကို Quarantine မထားလို့ ကိုဗစ် ၁၉ ကူးစက်မှုက ရိုက်ခတ်ပြီး ဆင့်ကဲ အလုပ်လက်မဲ့ပြဿနာတွေ ထပ်ကြုံရတာ၊ ဒီပြဿနာတွေကို အစိုးရက ထိရောက်စွာ မဖြေရှင်းတဲ့အပေါ် မကျေနပ်လို့ ခုလိုစုရုံး ဆန္ဒပြရတာလို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။  အဲဒီနေ့က ဆန္ဒပြတဲ့ထဲမှာ ဘန်ကောက်တက္ကသိုလ်အသီးသီးမှ ကျောင်းသူကျောင်းသားတွေ၊ လူငယ်တွေတင်မကဘဲ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး  “ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား ထွက်သွား”  “စစ်အာဏာရှင် အလိုမရှိ ” စသဖြင့် ကြွေးကြော်ခဲ့သလို  လွှတ်တော်ကိုဖျက်သိမ်းဖို့/ အခြေခံဥပဒေပြင်ဆင်ဖို့ နဲ့ အမြင်မတူမှုအပေါ် အရေးယူနှိပ်ကွပ်မှုတွေ ရပ်တန့်ဖို့ စတဲ့အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။  သူတို့တောင်းဆိုချက်ကို နှစ်ပတ်အတွင်း ဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင် ဆန္ဒပြမှုကို နောက်ထပ်အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။  ဆန္ဒပြသူတွေဟာ အဲဒီနေ့က ဒီမိုကရေစီကျောက်တိုင်နားမှာ မိုးလင်းပေါက် ထိုင်ပြီးဆန္ဒပြဖို့ ပြင်ထားကြပေမယ့်လည်း လုံခြုံရေးရဲနဲ့ စစ်တပ်တွေ အများအပြားဝင်ရောက်လာတာ၊ အနီးနားရှိ စီစီကင်မရာကို ခိုးဖြုတ်နေသူတွေ တွေ့ရတာနဲ့ ဆန္ဒပြသူတို့က လုံခြုံရေးငဲ့ညှာပြီး ည ၁၂ နာရီ ကျော်မှာ တန်းဖြုတ်ခဲ့ကြပါတယ်။  အဲဒီနေ့က ဆန္ဒပြခေါင်းဆောင်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်တွေ မရှိခဲ့ပေမယ့် စည်းတားထားတဲ့ သံတံတိုင်းပိကျလို့ ရဲ ၅ ‌ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ပါတယ်။  ဒီမတိုင်ခင်ရှေ့ကလည်း ကိုဗစ်-၁၉ ပိုးရှိ အီဂျစ်စစ်သား လာရောက်သွားတဲ့ လယောင်းမြို့မှာလည်း အခြေအနေစစ်ဆေးဖို့ သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ်ပရာယုဒ်နဲ့ အဖွဲ့ကို ဒေသခံတွေ ဆန္ဒပြခဲ့ကြပါသေးတယ်။  ဇူလိုင် ၁၈ ရက်နေ့မှာလည်း ထိုင်းမြောက်ပိုင်း မြို့တော် ချင်းမိုင်မှာ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေဦးဆောင်ပြီး ထာ့ဖဲဂိတ်မှာ လူအင်အား ၂၀၀ ကျော် ထိုင်းအစိုးရကို ဆန္ဒပြခဲ့ပါတယ်။  အလားတူ ထိုင်းအရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီမှာလည်း တက္ကသိုလ်ကျောင်းသားတွေ ဦး ဆောင်ပြီး အင်အား ရာနဲ့ချီ ဆန္ဒပြခဲ့သလို ထိုင်းတောင်ပိုင်း ကရပီခရိုင်မှာလည်း လူငယ်တွေက ဝန်ကြီးချုပ်အလိုမရှိကြောင်း ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြခဲ့ပါတယ်။  ဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ဘာမှတုံ့ပြန်ပြောဆိုမှုမရှိသေးဘဲ ထိုင်းတပ်မ တော် (ကြည်းတပ်) ဒုပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးစစ်ဗိုလ်မှူး နုဆလာ ဝေါ်လဖတ့်ထ ရားထောင်န်းက သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်မှ ဆန္ဒပြသူတွေကို ပုတ်ခတ်ပြောဆိုရေးသားခဲ့လို့  ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်သူ နိုင်းအားနွန်းနမ်းဖားက ဦးဆောင်ပြီး ဒီကနေ့ ညနေ ၅ နာရီ ဘန်ကောက် ရာ့ချ်ဒမ်းနိန်းနောက်လမ်းပေါ်ရှိ ထိုင်းကြည်းတပ်ဌာနချုပ်ရှေ့မှာ သွားရောက်ဆန္ဒပြဖို့ စည်းရုံးလှုံ့ ဆော်ထားပါတယ်။  ဆန္ဒပြမှုတွေမှာ တစုံတယောက်မှ ဖမ်းဆီးခံရတာမရှိပေမဲ့ ထိုင်းရဲတပ်ဖွဲ့က ဦးဆေင်ဆန္ဒပြသူရဲ့ အမည်စာရင်းတွေ လိုက်လံစုံစမ်းစုဆောင်းနေပြီး ခွင့်ပြုချက်မရဘဲ လူစုလူဝေး တန်းစီလှည့်လည်ဆန္ဒပြမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေချိုးဖောက်မှု၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များအား နာကျင်ဒဏ်ရာရစေမှုတွေနဲ့ တရားစွဲသွားဖို့ ပြင်ဆင်နေတယ်လို့  #MatichonTV သတင်းမှာ ဖော်ပြသွားပါတယ်။  ကိုဗစ် ၁၉ ကပ်ရောဂါမလာခင်ရှေ့ကလည်း  အစိုးရက အတိုက်အခံပါတီဖြစ်တဲ့ Future Forward Party ကိုဖျက်သိမ်းပြီး ပါတီခေါင်းဆောင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခဲ့တဲ့အပေါ် မကျေနပ်လို့ ထိုင်းတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဦးဆောင် ဆန္ဒပြခဲ့ကြပါသေးတယ်။   ကိုးကား - Bangkokbiznews / MatichonTV / TV Ch-3 / Nation / Khaosod

A d v e r t i s e m e n t With Us

More News
Up