ဘားအံတွင် ဆန်အရောင်းဆိုင်အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
July 20, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်အပိုင်း ၁ ရပ်ကွက်၊ ဘားအံ-လှိုင်းဘွဲကားလမ်းဘေးမှာ အမည်မသိလက်နက်ကိုင် ၂ ယောက်က အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
မနေ့ ညနေ ၄ နာရီလောက်က အမျိုးသား ၂ ယောက်ဟာ ဆန်အရောင်းဆိုင်ကို ရောက်လာပြီး ဝက်စာ ဆန်ကွဲဝယ်ချင်တယ် ပြောတာကြောင့် ဆိုင်ရှင် အမျိုးသမီးက တခြားဆိုင်ကို ညွှန်ပေးခဲ့ပါတယ်။
အဲဒီအမျိုးသား ၂ ယောက်က ဆိုင်နာမည်ကို ရေးပေးဖို့ပြောလို့ ဘောက်ချာစာအုပ်မှာ ရေးပေးနေတုန်း အဖြူ အမည်း သေနတ်အတိုကို ထုတ်ပြီး ၂ ချက် ပစ်ခဲ့တာလို့ ဆိုပါတယ်။
ပထမ ၁ ချက် ပစ်ခတ်ရာမှာ ဘောက်ချာစာအုပ်နဲ့ ကာကွယ်ရိုက်ထုတ်ခဲ့တဲ့အတွက် သေနတ်ကျည်ဆန် လွဲချော်ခဲ့ပြီး ဒုတိယ ၁ ချက်ကတော့ ဘယ်ဘက်လက်ပြင်အောက် သေနတ်ရှပ်မှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ဒေါ်မရင်သန်းက “ကျမက မကောင်းတာ မလုပ်ဘူး။ တခြားသူနဲ့ စကားများတာမရှိဘူး။ ဥပဒေစိုးမိုးရေးကို တတ်နိုင်သလောက် ကူညီပေး၊ ကြိုးစားပေးပါ။ လုံခြုံရေးနဲ့ တိုက်ဆိုင်တယ်ဆိုရင် တာဝန်ရှိသူတွေက လုပ်ပေးရမယ်”လို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းနေသလို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်ကို ထပ်မံကျူးလွန်မှုမဖြစ်ပွားရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးထားပါတယ်။
ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းကလည်း ဘားအံမြို့ လူစည်ကားရာ နာရီစင်နဲ့ မြို့မရဲစခန်းအနီးမှာ လူငယ်တဦးမောင်းနှင်လာတဲ့ မော်တော်ယာဉ်က ဌာနဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ယာဉ်မောင်းကို သေနတ်ထုတ် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ရဲမင်းခေါင်