ပိုင်ဆိုင်မှု အမြင့်ဆုံး ၁၅ သိန်းတန် i Pad ၁ လုံးသာရှိဟု မကွေးဝန်ကြီးချုပ် ပြော
DVB
·
July 19, 2020
ပိုင်ဆိုင်မှု အမြင့်ဆုံးအနေနဲ့ ၁၅ သိန်းတန် အိုင်ပက် ၁ လုံးသာ ရှိတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။
“မကွေးတိုင်းဝန်းကြီးချုပ်ဟာ ဝန်ကြီးချုပ်ဖြစ်စတုန်းက ဘာပိုင်ဆိုင်မှုမှမရှိဘဲ ငွေ ၁ သောင်းပဲ ရှိတယ်ပြောဖူးတယ်၊... အခု ဒေါက်တာအောင်မိုးညို ပိုင်ဆိုင်မှုက သိန်း ၁၃၅၀ ရှိပါတယ်။….. သူ့ရဲ့ပိုင်ဆိုင်မှုကို ပြနိုင်မှ မဲပေးပါဆို”ပြီး အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလိုက်တာပါ။
အဲဒီ အိုင်ပက်ကိုလည်း အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်းဆီကနေ အရစ်ကျပေးပြီး ဝယ်ယူထားတာလို့ ပြောပါတယ်။
"ကျနော့်မှာ တပြားမှမရှိဘူး၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ တိုက်တာ၊ ခြံမြေ ဘာမှမရှိဘူး ကျနော်ပိုင်တာ။ ကျနော်ပိုင်တဲ့ပစ္စည်းတွေထဲက တန်ဖိုးအကြီးဆုံးပစ္စည်းဆိုရင် ကျနော်အခုသုံးနေတဲ့ i Pad 11 ပဲ၊ ၁၅ သိန်းလားမသိဘူး ပေးရတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကဝယ်တာ။ အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်း မိတ်ဆွေတယောက်ဆီက ဝယ်တာ။ အဲဒါတောင်မှ အရစ်ကျပေးဝယ်တာ”
ဒေါက်တာအောင်မိုးညိုဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။