Home
မြန်မာသတင်း
မြန်မာနှင့်ပတ်သက်သည့် အမေရိကန်သံရုံး ဆောင်းပါးကို တရုတ်ပယ်ချ
DVB
·
July 19, 2020
မြန်မာအပေါ်အကြွေးနဲ့ အချုပ်အခြာဆုံးရှုံးအောင်လုပ်နေတယ်ဆိုတဲ့ အမေရိကန်သံရုံးရဲ့ ဆောင်းပါးကို တရုတ်သံရုံးက ပယ်ချလိုက်ပြီး မြန်မာနဲ့ တရုတ် ဆက်ဆံရေးကို သွေးခွဲနေတာလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ မနေ့က ညနေပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လို သက်ရောက်နေလဲ ဆိုတဲ့ ဆောင်းပါးတခုကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးကို သံရုံးယာယီတာဝန်ခံ ဂျော့ချ် အန် ဆစ်ဘလီက ရေးသားတာဖြစ်ပြီး နောက် ၇ နာရီလောက်အကြာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တုံ့ပြန်ဝေဖန်လိုက်တာပါ။ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်တာနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာသွေးခွဲလိုက်တာလို့  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပြီး အမေရိကန်နိုင်ငံရဲ့ တကိုယ်ကောင်းဆန်တဲ့၊ ဟန်ဆောင်ကောင်းတဲ့၊ အောက်တန်းကျတဲ့ အကျည်းတန်မျက်နှာဖုံးကို ခွာချလိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်သံရုံးပြောခွင့်ရသူက အခုလို ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလမှာ ဟောင်ကောင်နဲ့ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ တရုတ်ကလုပ်နေတာဟာ ကတိတွေဖောက်တာ၊ နိုင်ငံငယ်တွေရဲ့ သာယာဝပြောမှုကို မသိကျိုးကျွန်လုပ်တာနဲ့ သမိုင်းကို ပြန်ရေးတာမျိုးက ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးတဲ့နေရာမှာဖြစ်နေပေမယ့် တရုတ်ဟာ သူတို့နဲ့ နီးတဲ့ မြန်မာနိုင်ငံ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ ခြိမ်းခြောက်ဖို့နဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ အလားတူပုံစံတွေကို အသုံးချနေတယ်လို့လည်း ဆိုပါတယ်။ စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုမရှိတဲ့ ကချင်ပြည်နယ်က ငှက်ပျောစိုက်ခင်းတွေ၊ သတ္ထုတူးဖော်ခြင်းနှင့် သစ်တောလုပ်ငန်းတွေမှာလည်း စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုမရှိတဲ့ ရင်းနှီးမြှုပ်နှံတာတွေနဲ့ အကျင့်ပျက်ခြစားတာဖြစ်အောင်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ အကြွေးထူလာပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း တိုက်စားစေမယ့် အသေးအနုပ်လေးတွေကို ဖြန့်ကျက်စေတဲ့ နည်းလမ်းတရပ်ကတဆင့် အချုပ်အခြာအာဏာ မကြာခဏ ဆုံးရှုံးရစေတဲ့ ခေတ်သစ်နည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဆောင်းပါးမှာ မူးယစ်ဆေးကိစ္စတွေ၊ တရုတ်နိုင်ငံထဲက လူကုန်ကူးခံရတာတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်ဟာ နိုင်ငံတကာကျင့်ဝတ်နဲ့ ဥပဒေစံနှုန်းတွေကို မျက်ကွယ်ပြုပြီး လူသားဘုံအကျိုးစီးပွားနဲ့ နိုင်ငံတကာရေစီးကြောင်းကို အလေးမထားဘဲ စပ်ဆုပ်ရွံရှာဖွယ်ကိစ္စ အများကြီးကို လုပ်ခဲ့တယ်လို့ တုံ့ပြန်ပါတယ်။ ပြီးတော့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်တဲ့ အမေရိကန်အဖွဲ့အစည်းတွေဟာလည်း  တရုတ်နိုင်ငံအပေါ် တိုက်ခိုက်နာမည်ဖျက်တာတွေလုပ်ခဲ့သလို အခုတော့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးဟာလည်း လက်မည်းကြီး ဆန့်ထုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်သံရုံးရဲ့ ဖော်ပြချက်တွေမှာ စက်ဆုပ်ဖွယ်၊ မစားရတဲ့အမဲ သဲနဲ့ပက်၊ မရှက်ဘူးလား စတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲအလေးထား ပြောကြားနေတာကြောင့် တကယ်လေးစားလားလို့ မေးချင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတဲ့ နယ်ပယ်တွေမှာ နှစ်ပေါင်းများစွာ အရေးယူပိတ်ဆို့ခဲ့တာကြောင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်တဲ့ အတားအဆီးဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အမေရိကန်က မြန်မာနိုင်ငံကို နှာခေါင်းစည်းဘယ်နှစ်ခု၊ စမ်းသပ်ကိရိယာဘယ်နှစ်စုံ၊ တကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ဘယ်နှစုံ လှူဒါန်းပေးခဲ့ပါသလဲလို့လည်း အမေးစာသားတွေ ထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအစိုးရ၊ တပ်မတော်၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို စမ်းသပ်စစ်ဆေးရေးပစ္စည်း ၂ သိန်းကျော်၊ တကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) အစုံရေ ၆ သောင်းနီးပါး၊ နှာခေါင်းစည်းအခုရေ ၆၅ သိန်းကျော်နဲ့ အသက်ရှူစက် ၃၅ လုံးအပါအဝင် ရောဂါတိုက်ဖျက်ပစ္စည်းတွေ ပို့ဆောင်လှူဒါန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ်-မြန်မာ စီမံကိန်းတွေ၊ ဆက်ဆံရေးတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေကို နှောင့်ယှက်သွေးခွဲဖို့ ကြိုးစားတာဖြစ်ပြီး ဒီအကြံအစည် အောင်မြင်ရင် မြန်မာပြည်သူတွေပဲ အများဆုံးထိခိုက်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနဲ့အတူတကွလက်တွဲလို့ တရုတ်-မြန်မာ ရွှေလမ်းငွေလမ်းပေါ်မှာ လျှောက်လှမ်းပြီး ခေတ်သစ်တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူး ပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်ရေးသားသွားမယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024