အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
July 19, 2020
ဓာတ်ခွဲနမူနာ ၉၈၉ ခုအား စစ်ဆေးချက်အရ အိန္ဒိယက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နေ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၈ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၇၁ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ စုစုပေါင်း ၉၈၉ ခုတို့အား စစ်ဆေးပြီးစီးခဲ့တာပါ။
လူနာသစ် ၃၄၁ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တီးတိန်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၀၇၇ ခုအား စစ်ဆေးရာမှာလည်း ယူအေအီးနိုင်ငံက ပြန်လာတဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူလူနာ ၂၇၃ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၆၁ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၃၉ ဦး ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။