မုန်တိုင်းငယ်ကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်
ရွှေအောင်
·
May 29, 2013
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်နေပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသတချို့မှာ မိုးရွာသွန်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တခုအဖြစ် ရောက်ရှိခဲ့တယ်။ အဲ့ဒီမုန်တိုင်းဟာ နောက် ၂၄ နာရီအတွင်း ဘဂ်လားဒေ့ရှ်နိုင်ငံ ကီပူပါရာမြို့အနီး ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
ဒီမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ မိုးလေ၀သဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း အဲနေရာတွေမှာ မိုးရွာနိုင်ပါတယ်။ ပုံမှန် မုတ်သုံထက်ပိုနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လင်ပြင်မှာလည်း မိုးသက်လေပြင်းကျပါမယ်။ မိုးသက်လေပြင်းကျရင် ရေပြင် မြေပြင်လေဟာ ၁ နာရီ ၄၀-၄၅ မိုင်လောက် တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ထားတယ်။ ငါးဖမ်းသဘောင်္အငယ်လေးတွေအနေနဲ့ ကြိုရှောင်ရှားဖို့ လိုပါတယ်” လို့ ပြောပြပါတယ်။
မုန်တိုင်းသတင်းကို မပြတ်တမ်းနားစွင့်နေကြဖို့လည်း သူက နှိုးဆော်တိုက်တွန်းပါတယ်။
အခု မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မုတ်သုံလေဟာ ပိုမိုအားကောင်းလာပြီး၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်၊ တနင်္သာရီဒေသတို့မှာ မုတ်သုံမိုး ပိုမိုရွာသွန်းမှာဖြစ်သလို မုတ္တမကွေ့မှာလည်း မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ ခန့်မှန်း ပြောကြားပါတယ်။
မိုးလေ၀သပညာရှင်ဦးထွန်းလွင်ရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ အခုမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံကို ၀င်ရောက်နေတဲ့ မုတ်သုံလေ အားကောင်းလာပြီး နောက် ၄၈ နာရီအတွင်း မြန်မာတပြည်လုံးကို မုတ်သုံလေ ၀င်တော့မယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ် မြန်မာတပြည်လုံး မုတ်သုံလေ၀င်ရောက်နိုင်တဲ့အချိန်ကို အစက ဇွန်လဆန်းပိုင်းလို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ခန့်မှန်းချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ရက်ကလဲ ဘဂ်လားပင်လယ်အော်မှာ မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့ပြီး မေ လ ၁၆ ရက် ညပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်ကာ အားပျော့ပျက်ပြယ်သွားခဲ့ပါတယ်။