ကြံခင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ဝါးလုပ်ငန်းလုပ်ကိုင်သူ ထက်ဝက်ကျော် လျော့နည်း
DVB
·
July 18, 2020
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ မိုးတွင်းကာလ အဓိကထားလုပ်ကိုင်နေတဲ့ ဝါးလုပ်ငန်းမှာ ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် ဝါးလုပ်ငန်း လုပ်ကိုင်သူတွေ ပြီးခဲ့တဲ့နှစ်ကထက် နည်းပါးသွားတယ်လို့ သိရပါတယ်။
ဝါးလုပ်ငန်းလုပ်ကိုင်သူတွေ လျော့နည်းလာရတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းတွေ နှောင့်နှေးသွားသလို မော်တော်တွေ လိုင်စင်လုပ်ရတာတွေလည်း ပါတယ်လို့ ကြံခင်းမြို့နယ် ကြံတောအုပ်စု ဝါးကုန်သည် ဦးရဲစိုးက ပြောပါတယ်။
“အခုနှစ် ဝါးလုပ်ငန်းလုပ်ရတာ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတွေလည်း နှောင့်နှေးသွားတယ်။ နောက်ပိုင်းမှာ မော်တော်တွေကို လိုင်စင်လုပ်ရတယ် ပြောတယ်။ ဒီနှစ်ပိုင်းမှာ လိုင်စင်မရှိရင် ပင်လယ်ကို မထွက်ရဘူး၊ သင်္ဘောလိုင်စင် တစီးကို ကျပ်သိန်း ၃၀၀ ပြောတယ်။ အင်ဂျင်ပါဝါကြီးတဲ့ ကောင်တွေက အလုပ်သမားတွေကျတော့ အလုပ်သမားကတ်နဲ့ ဝင်ရမယ် ပြောတယ်၊ ခါတိုင်းနှစ်ကတော့ ဝင်ချင်ရင်ဝင် ထွက်ချင်ထွက် ခုနှစ်ကတော့ မရတော့ဘူး။"
ဒေသခံတွေ လုပ်ငန်းကောင်းတာကြောင့် ငှက်ပျောခြံတွေကို ဖျက်ပြီး ဝါးတွေကို စိုက်ပျိုးလာကြတာဖြစ်ပြီး လိုင်စင်စျေးကြီးတဲ့အတွက် တချို့မလုပ်နိုင်ကြဘဲ နားထားရသလို ဝါးလုပ်ငန်း သိပ်မကောင်းတော့တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ်ကနေ ဖျာပုံမြို့ကို နှစ်စဉ် ဝါးအလုံးရေ ၁ သိန်း ၅ သောင်းကျော် ပို့ဆောင်နေပေမဲ့ အခုနှစ်မှာ ဝါးအလုံးရေ ၇ သောင်းကျော်သာ ပို့ဆောင်နိုင်တော့တယ်လို့ ဝါးကုန်သယ်တွေက ပြောပါတယ်။
“ကျနော်တို့ ဒီနှစ်ဝါး ၅၀၀၀ လောက်တော့ရတယ်။ မနှစ်တုန်းက ဝါးတစ်လုံးကို ၁၅၀ နဲ့ ဝါးဖောင်ရတယ်။ အခုနှစ်တော့ ဝါးကုန်သည် နည်းသွားတဲ့အတွက် ဝါးတစ်လုံးကို ၁၀၀ ပဲ ရတယ်။ ဒီလိုပဲ ထိန်းသိမ်းပြီး စားရတာပေါ့။ အလုပ်အကိုင်က မရှိတဲ့အတွက် ရှိတဲ့ အလုပ်လေး ရာသီပေါ်လေးလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေအောင် လုပ်ရတယ်၊ ဒီအလုပ်က ရေတိုလေးပေါ့ ခဏပါ။ ၁၅ ရက်လောက်ပဲ ကြာကြာလုပ်ရတယ်” လို့ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု အုတ်ပုံကမ်းနားမှ အလုပ်သမား ဦးကျော်လွင်က ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ လိန်ဂုဏ်၊ ကျောက်တိုင်၊ တိုက်ကြီး၊ ငှက်ပျောတော၊ ကမ်းပျို၊ မျောက်ချောကုန်းနဲ့ ကိုးတောင်ကျေးရွာတွေဟာ ဝါးကို အဓိကထား စိုက်ပျိုးတဲ့ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ်မျာ မိုးတွင်းကာလ ဝါးကို အဓိကထား လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ဝါးကို အလုံးလိုက် ခုတ်ရောင်းတာတွေအပြင် ခမောက်၊ ဦးထုပ်၊ ထရံ၊ ပုတ်တွေလည်း လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-သက်မင်းထွဏ်း(ကြံခင်း)