Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ နိုင်ငံ့ခေါင်းဆောင်နှင့်အမျိုးသားခေါင်းဆောင် ကွဲပြားခြင်းမရှိဟု ရွေး/ကော် ဥက္ကဋ္ဌ ပြော
DVB
·
July 18, 2020
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင်တို့ကို ကွဲပြားခြင်းမရှိဘဲ လာမယ့် ရွေးကောက်ပွဲမဲဆွယ်ကာလမှာ နိုင်ငံ့ခေါင်းဆောင်ပုံ မသုံးဖို့ တောင်းဆိုနေကြတာကို နားမလည်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးကြရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို သုံးစွဲခြင်းမပြုဖို့ နိုင်ငံရေးပါတီ ၃၀ ကျော်လောက်က ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားတာပါ။  ဒီလိုတောင်းဆိုကြရာမှာ နိုင်ငံ့ခေါင်းဆောင်ပုံ မသုံးဖို့ဆိုပြီး‌ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီလိုတောင်းဆိုမှုကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့တာပါ။ ရွေး/ကော် ဥက္ကဋ္ဌ ဦးလှသိန်းက “အမျိုးသားခေါင်းဆောင်ဆိုတာ ထာဝရခေါင်းဆောင်၊ အဲ့တာကို နိုင်ငံ့ခေါင်းဆောင်ပုံမသုံးပါနဲ့ ဆိုတော့ ဘာကိုပြောတာလဲ ကျနော် နားမလည်ဘူး။ ကျနော် အဲ့လို ကွဲကွဲပြားပြား သိထားတော့ ကျနော်နားမလည်ဘူး။ တရားနည်းလမ်းမကျတာ၊ သဘာဝမကျတာကို လက်မခံဘူး။ COC ထိုးချင်ထိုး၊ မထိုးချင်နေ၊ ဒါသူတို့ရဲ့ သဘောထားပဲ။ National Leader ဖြစ်တဲ့အတွက် နိုင်ငံသား ၅၄ သန်း ပိုင်တယ်။ တဦးတယောက် မပိုင်ဘူး။ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ နိုင်ငံသားလို့ ခံယူထားတဲ့သူတွေအားလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ National Leader ပဲ။ မြန်မာနိုင်ငံကြီး တည်ရှိနေသရွေ့ အမျိုးသားခေါင်းဆောင်ပဲ” လို့ ဇူလိုင် ၁၇ ရက်က နေပြည်တော်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။ ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲကို စံ ၅ ချက်နဲ့ ပြည့်မီအောင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ရာမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း ပူးပေါင်းကူညီရမှာဖြစ်ပြီး ကော်မရှင်ကို အပြစ်မြင် စောင့်ကြည့်တာမျိုး မလုပ်သင့်ဘူးလို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ “ကျနော်တို့က ရွေးကောက်ပွဲကို စံ ၅ ချက်နဲ့ ပြည့်စုံရမယ်။ စံ ၅ ချက်နဲ့ ပြည့်စုံအောင်လည်း CSO တွေက မိသားစုလုပ်ငန်းသဖွယ် ဘယ်လိုကူညီမလဲ။ ဒီသဘောမဟုတ်ဘဲနဲ့ လမ်းကြောင်းလွဲပြီးတော့ ဒီ UEC ကိုပဲ မသင်္ကာပုံစံနဲ့ စောင့်ကြည့်ပြီးတော့ အချက်အလက်လိုက်ရှာမယ်ဆိုရင်တော့ ကျနော်တို့ လုပ်ငန်းပိုင်းတွေက ထပ်တူကျမှာမဟုတ်ဘူး။”  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သြဂုတ်လ ၇ ရက်နေ့ကို နောက်ဆုံးထား တင်သွင်းရမှာလည်း ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024