Live
Home
မြန်မာသတင်း
ကဝမြို့နယ် ဝါးတော အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မိုးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
July 18, 2020
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ စစ်တောင်းမြစ်ဝအတွင်း သောင်တင်နေတဲ့ စက်လှေကြီးပေါ်ရှိ တရားမဝင် ကျွန်းသစ်တွေ သယ်ဆောင်တာကို ငွေကြေးတောင်းခံ လွှတ်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ခွဲဝေယူခဲ့ကြတဲ့အပေါ် အရေးယူပေးဖို့ ကော်မရှင်ကို  တိုင်ကြားတာလို့ ဆိုပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်တောင်းမြစ်ဝအတွင်း သစ်တင် စက်လှေကြီး သောင်တင်နေတဲ့ သတင်းအရ ကဝမြို့နယ်၊ ဝါးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးဟာ နယ်မြေခံတပ်၊ ရွာသားအချို့နဲ့အတူ စက်လှေပေါ်ကို တက်ရောက်ခဲ့ကြပြီး တရားမဝင် သစ်တွေကို မဖမ်းဆီးဘဲ သစ်ပိုင်ရှင်ထံက ငွေကြေး တောင်းခံရယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဦးဇော်မိုးဟာ တာဝန်ရှိသူ အဆင့်ဆင့်အား ဆက်လက်တင်ပြခြင်းမရှိဘဲ ငွေကျပ် ၂၄၅ သိန်းကို လက်ခံရယူခဲ့တာကြောင့် ရာထူးတာဝန် အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးဇော်မိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ကဝမြို့မရဲစခန်းမှာ ဇူလိုင် ၁၇ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်မှုထမ်းနှစ်ဦးကိုလည်း ကော်မရှင်ရဲ့ ညှိနှိုင်း အကြောင်းကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာနက အကျဉ်းစစ်တရားရုံးချုပ်နဲ့ စစ်ဆေးခဲ့ပြီး တပ်မတော်အက်ဥပဒေပုဒ်မ ၅၁(စ)အရ ပြစ်ဒဏ်အား ၃၁-၃-၂၀၂၀ ရက်နေ့မှာ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ သစ်ပိုင်ရှင် ဦးမင်းမင်းကတော့ ၁၁-၁၂-၂၀၁၉ ရက်နေ့မှာ ကွယ်လွန်ပြီး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ အမှုမှာ ထည့်သွင်းစွဲဆို မရနိုင်တော့ဘူးလို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024