Homeမြန်မာသတင်း
ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ညွှန်ချုပ်တို့ ဦးပိုင်ကုမ္ပဏီမှ နုတ်ထွက်
ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ညွှန်ချုပ်တို့ ဦးပိုင်ကုမ္ပဏီမှ နုတ်ထွက်
DVB
·
July 17, 2020
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နဲ့ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်တို့ဟာ ဇူလိုင်လ ၆ ရက်နေ့က မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဦးနီအောင်နဲ့ ဦးကျော်ထင်တို့ဟာ အစိုးရအဖွဲ့အစည်းမှာ အဆင့်မြင့် ရာထူးတွေကို ရယူထားသလို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီမှာလည်း ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် ပါဝင်နေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးအနေနဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်ကို တောင်းခံခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့ နှစ်ဦးလုံးဟာ ဦးပိုင်ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ ဦးဇော်ဌေးက ဇူလိုင် ၁၇ ရက် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဦးဇော်ဌေးက “ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်ရယ် အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်ရယ် ကိစ္စ ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောထားက ၂၀၁၃ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀(စ)နဲ့ ပုဒ်မ ၃၇ တို့အရ ဒီနှစ်ယောက်ကိစ္စ ကပေါ့နော်၊ ဥပဒေနဲ့မညီကြောင်းဆိုတာ ပြန်ကြားထားပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ဦးနီအောင်ကို ဇူလိုင်လ ၆ ရက်နေ့မှာပဲ ၎င်းရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်ပါတယ်။ နုတ်ထွက်ထားပြီးဖြစ်ကြောင်း ဦးပိုင် BOD ကနေ နုတ်ထွက်ထားပြီးဖြစ် ကြောင်းကို သမ္မတရုံးကို တင်ပြလာပါတယ်။ နောက်အကောက်ခွန်ဦးစီးဌာနက DG ဦးကျော်ထင်ပေါ့နော်။သူလည်းပဲ ဇူလိုင်လ ၆ ရက်နေ့မှာ ဒီလိုမျိုးအရင်တုန်းကဆောင်ရွက်ချက်က ဥပဒေနဲ့မညီညွတ်တဲ့အတွက် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆက်လက်ခန့်ထားရန် ခွင့်မပြုကြောင်းနဲ့ အရင်က ခွင့်ပြုထားတဲ့စာကို ဒီစာနဲ့ လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းဆိုပြီး စီမံ၊ဘဏ္ဍာစက်မှုဝန်ကြီးဌာနကနေ ကာကွယ်ရေးကို တရားဝင်စာပို့ထားပြီးဖြစ်ပါတယ် ” လို့ ပြောပါတယ်။
အကောက်ခွန်ဦးစီးဌာနဟာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနအောက်မှာ ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအောက်က ဖြစ်ပါတယ်။
ဦးနီအောင်နဲ့ ဦးကျော်ထင်တို့အခုလို အစိုးရအဆင့်မြင့် အရာရှိကြီးတွေအဖြစ် တာဝန်ယူထားချိန်မှာ မြန်မာ့စီးပွားရေးဦးပိုင်မှာ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ကို ဝန်ကြီးဌာန နှစ်ခုလုံးက သဘောထားခွင့်ပြုချက်ပေးထားခဲ့တာဖြစ်ပြီးအခုချိန်မှ အမိန့်စာအသစ်ထုတ်ပြီး ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)