ပြည်ပခရီးသွားရာဇဝင်မရှိသူ ၁ ဦးနှင့် ထိုင်းပြန် ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ
DVB
·
July 16, 2020
ပြည်ပသို့ ခရီးသွားခဲ့ခြင်းမရှိသူ ၁ ဦးနဲ့ ထိုင်းနိုင်ငံကပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ် ၂ ဦးကတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နေ အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦးနဲ့ ပြည်ပကိုခရီးသွားခဲ့တာမရှိတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံရတဲ့ လူနာမတွေ့ရှိတာ တစ်လလောက်ရှိပြီးနောက် ဒီကနေ့ ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ရခိုင်ပြည်နယ်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာ အမှတ် ၂၆၃ ဟာလည်း ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာ ရောဂါကူးစက်ခံရသူ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၉၅)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၈၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၈) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၇၃) ခု စုစုပေါင်း (၁,၆၂၀) ခု အား ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၂ ဦးတွေ့ရှိရတာပါ။
ဇူလိုင် ၁၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၃၉ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၇၀ ဦးနဲ့ ဒီအထဲက ၂၅၃ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။