မြန်မာနေရှင်နယ်လိဂ်ပြန်မစတင်ခင်  ကလပ်အသင်းအားလုံး ကိုဗစ်-၁၉ စစ်ဆေးမည်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇူလိုင်လ နောက်ဆုံး အပတ်မှာစတင်ဖို့ ပြင်ဆင်ထားပြီး ကလပ်အသင်းတွေအားလုံးက အသင်းသားတွေအနေနဲ့  ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူရမယ်လို့ လိဂ်စီအီးအို ဦးစိုးမိုးကျော်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ပြိုင်ပွဲကျင်းပမယ့်ကွင်းတွေကိုလာရောက်စစ်ဆေးခဲ့ပါတယ်။ လိဂ် (၁) က ပြိုင်ပွဲဝင် အသင်း ၁၀ သင်းနဲ့ လိဂ် (၂) ပြိုင်ပွဲ ဝင်အသင်း ၈ သင်းက ကစားသမားတွေ အပြင် အုပ်ချုပ်နည်းပြအဖွဲ့နဲ့ တခြားဝန်ထမ်းတချို့ကိုပါ စစ်ဆေးသွားရမှာဖြစ်ပြီး ဘယ်လိုအစီအစဉ်နဲ့ စစ်ဆေးမလဲဆိုတာကို ဆက်လက် ညှိနှိုင်းရဦးမယ်လို့ လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။ အသင်းတစ်သင်းမှာ မှတ်ပုံတင်ထားတဲ့ ကစားသမား ၃၀ ဦးရှိပြီး နည်းပြ အုပ်ချုပ်မှုအဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၃၈ ဦးရှိတာကြောင့် တခြားဝန်ထမ်းတချို့အပါအဝင် တစ်သင်းကို လူ ၅၀ ခန့် စစ်ဆေးရနိုင်ပါတယ်။ ကိုဗစ်- ၁၉ စစ်ဆေးအပြီးမှာ ပိုးတွေ့ရှိခြင်းမရှိရင်တော့ ဇူလိုင်၂၈ ရက်နေ့မှာ  မြန်မာလိဂ်ပြိုင်ပွဲကိုရော ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲကိုပါ  တစ်ပြိုင်နက်ကျင်းပဖို့ စီစဉ်ထားပြီး  လိဂ် (၂) ပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်မှာ စတင်ဖို့ လျာထားတယ် လို့သိရပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့တဲ့ သူတွေ ရှိခဲ့ရင်တော့ သီးသန့်ထားရှိပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ ရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ် (၁) မှာ အသင်း ၁၂ သင်းရှိပေမယ့် ဇွဲကပင်ယူနိုက်နဲ့ ချင်းယူနိုက်တက်အသင်းတွေက ပြိုင်ပွဲမပြီးခင်မှာ ဖျက်သိမ်းခဲ့ပါတယ်။ Photos- MFF/YUFC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up