VIP များကိုQuarantine မထားခဲ့သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် တောင်းပန်

အီဂျစ်စစ်သည် ၁ ဦးနဲ့ သံတမန်မိသားစုဝင် ၁ ဦးတို့ကို  အသွားအလာကန့်သတ် quarantine မထားရှိခဲ့ဘဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ပရယုတ်ကျန်အိုးချားက ထိုင်းပြည်သူလူထုကို တောင်းပန်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အီဂျစ်စစ်သည် ၁ ဦးနဲ့ ဆူဒန်သံတမန်မိသားစုဝင် မိန်းကလေး ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် သူတို့ သွားလာခဲ့တဲ့ နေရာက ပြည်သူတွေ စိုးရိမ်မှုတွေ မြင့်တက်နေပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ (CCSA)  ကို ပြစ်တင်ဝေဖန်နေကြပါတယ်။  မည်သူမဆို ပြည်ပကနေ နိုင်ငံထဲပြန်ဝင်လာရင် အစိုးရစီစဉ်ထားတဲ့ Quarantine စင်တာတွေမှာ ၁၄ ရက်  နေရမယ်လို့ အစိုးရက ကြေညာထားပေမဲ့  အဲဒီထဲမှာ အထူးပုဂ္ဂိုလ်(VIP) တွေနဲ့ နိုင်ငံတော်ရဲ့ အထူးဧည့်သည်တွေ၊ နိုင်ငံ့အဆင့်အရေးကြီးတာဝန်ထမ်းဆောင်သူတွေတော့ မပါဝင်ပါဘူး။ ဒါ့ကြောင့် ကိုဗစ်-၁၉ ပိုးတွေ့ အီဂျစ်စစ်သားနဲ့ ဆူဒန်မိန်းကလေးတို့ဟာလည်း quarantine မဝင်ဘဲ အပြင်မှာ နေထိုင်သွားလာခဲ့လို့ သူတို့ရောက်ရှိခဲ့ရာလမ်းကြောင်းက ပြည်သူတွေကြား ရောဂါပိုးကူးမှာ စိုးရိမ်နေကြတာပါ။  ဒါနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ပရယုတ်ကျန်အိုးချားက ဒီကိစ္စမှာ မဖြစ်သင့်ဘဲ မထင်မှတ်ဘဲ ဖြစ်သွားရတဲ့ ပြဿနာဖြစ်ကြောင်း၊ ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားအထူးဧည့်သည်တွေကို ယုံကြည်စိတ်ချလို့ quarantine မဝင်စေဘဲ သူတို့နဲ့ သက်ဆိုင်တဲ့ဌာနက စီစဉ်ပေးတဲ့နေရာမှာသာ နေထိုင်ပြီး မိမိကိုယ်စောင့်ကြည့်ဖို့  ဖြစ်ပေမယ့်  ဧည့်သည်တွေက စည်းကမ်းမလိုက်နာဘဲ တခြားမှာ သွားနေလို့ ဖြစ်ရတာလို့ ပြောပါတယ်။ ဒီလိုဖြစ်သွားရတဲ့အပေါ်မှာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရပြီး တိုင်းသူပြည်သားတွေကိုလည်း တောင်းပန်ကြောင်း၊ ရှေ့ဆက် ကာကွယ်စောင့်ရှောက်မှုတွေ ပိုလုပ်သွားရမယ်လို့ ယမန်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။  ဒါ့အပြင် ဒီကိစ္စဟာ ဒေသတွင်းစီးပွားရေး၊ ကာကွယ်ရေးနဲ့ အစိုးရအပေါ် ယုံကြည်မှု လျော့ပါးစေတာကြောင့် ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာဖွေနေကြောင်း၊ အဲဒီအတွက် အစိုးရကို အချိန်ပေးဖို့နဲ့ ပြည်သူတွေအနေနဲ့ Mask တပ်ဖို့၊  လက်ဆေးဖို့၊  လူထူထပ်တဲ့နေရာ ရှောင်ဖို့ အစရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်ဖို့  ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။  CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိဆနုယိုးထင်းကလည်း  ဒီပြဿနာမှာ သူတို့အဖွဲ့အနေနဲ့ တာဝန်ယူမှုကိုငြင်းပယ်လို့ မရကြောင်း၊ ကြုံရသမျှဟာ မမျှော်လင့်ဘဲ ရောက်လာတာ၊ ပြဿနာအသစ်တွေသာဖြစ်လို့ အရေးကြီးတဲ့ သင်ခန်းစာလို့ မှတ်ယူကြောင်း၊ CCSA ကိုယ်စား ပြည်သူတွေကို တောင်းပန်ကြောင်းပြောကြားပါတယ်။  ဆူဒန်သံတမန်မိသားစုဟာ ဘန်ကောက် ဆုခိုဗစ်လမ်းရှိ One X ကွန်ဒိုမီနီယံမှာ ဝင်ရောက်တည်းခိုပြီး နေမကောင်းဖြစ်တဲ့သမီးကို ဖယားထိုင်း နာဝါမင်ပုဂ္ဂလိက ဆေးရုံဆီ သွားပြခဲ့တာကြောင့် မိသားစုဝင် ၅ ဦး၊ သံရုံးဝန်ထမ်း  ၁ ဦး၊ ကွန်ဒိုတိုက်ခန်းဝန်ထမ်းနဲ့  ဓာတ်လှေကားတစ်ခုတည်း အသုံးပြုခဲ့သူပေါင်း ၃၀၀ ကျော်တို့ ကိုဗစ်-၁၉ ပိုး စစ်ဆေးခံနေရပါတယ်။ ဖယားထိုင်းဆေးရုံကလည်း မိန်းကလေး လာရောက်ကုသပြီး ဘန်ကောက်ကလေးဆေးရုံကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆေးရုံမှာလည်း ပိုးသတ်ဆေးတွေ ဖျန်းထားတာကြောင့် ယုံကြည်စိတ်ချဖို့ စာထုတ်ထားရပါတယ်။ ဒါ့အပြင် ကွန်ဒိုအနီးက စာသင်ကျောင်း ၂ ကျောင်း ကုန်တိုက် ၁ ခုကိုလည်း ပိတ်ထားရပါတယ်။ သူတို့မိသားစုနဲ့ လေယာဉ်ပျံတစ်စီးတည်း အတူစီးလာတဲ့ ခရီးသည်ပေါင်း ၃၀၀ ကျော်ကိုလည်း နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ သတင်းပေးဆေးစစ်ကြဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။ အီဂျစ်စစ်သားတွေ လာရောက်ခဲ့တဲ့ လယောင်းမြို့မှာဆိုရင် သူတို့တည်းခိုခဲ့တဲ့ ဒီဝါးရီးဟိုတယ်ကိုရော လဲမ်ထောင်းကုန်တိုက်၊ စင်ထရယ်နဲ့ အဲဒီလမ်းထဲက ဆူပါမတ်ကတ်၊ စာသင်ကျောင်းပေါင်း ‌ ၁၁ ကျောင်းလည်း ပိတ်ထားပါတယ်။ ဟိုတယ်ဝန်ထမ်း ၁၂ ဦးနဲ့ ဟိုတယ်ကို တာဝန်အရသွားရောက်ခဲ့တဲ့ ရဲဝန်ထမ်း ၆ ဦး တို့မှာလည်း အလုပ်ကရပ်နားပြီး ၁၄ ရက်တာ ကိုဗစ်-၁၉ စောင့်ကြည့်ခံနေရပါတယ်။  ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ နောက်ထပ် လူနာသစ် ၅ ဦးရှိပြီး အားလုံးဟာ အသွားအလာကန့်သတ်ခံထားရတဲ့ နိုင်ငံခြားပြန် ထိုင်းလူမျိုးတွေလို့ CCSA ထုတ်ပြန်ပါတယ်။  လက်ရှိ ထိုင်းနိုင်ငံတဝန်းမှာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၂၃၂ ဦးရှိပြီး ပျောက်ကင်းသက်သာသူ ၃၀၉၂ ဦး ၊ သေဆုံးသူ ၅၈ ဦး နဲ့ ဆေးရုံမှာ တက်ရောက်ကုသနေသူ ၈၂ ဦး ရှိပါတယ်။  ကိုးကား - Thai PBS / PPTV36 / newstv / The Nation

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up