ဂါရတ်ဘေးလ်၏ အပြောင်အပြက် အပြုအမူများအပေါ် ပြောစရာမရှိဟု နည်းပြဇီဒန်းပြော

အသင်းဖော်တွေ ပွဲကစားနေချိန်အတွင်း အရန်ခုံမှာ အပြောင်အပြက်တွေ လုပ်ခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူးလို့ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ တနင်္လာနေ့မှာ ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီပွဲကို ဘေးလ်ဟာ အရန်ခုံမှာထိုင်ပြီး လက်တစ်ဘက်ရယ်၊ ဆေးပစ္စည်းလိပ်တစ်ခုရယ်ကို မှန်ဘီလူးပုံစံမျိုး ပြုလုပ်ပြီး ကင်မရာတွေဘက်ကို လှည့်ပြ စနောက်နေခဲ့ပါတယ်။ ဘေးလ်အနေနဲ့ ဒီလိုမျိုး ကွင်းဘေးကနေ အပြောင်အပြက် ပြုလုပ်ခဲ့တာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရတဲ့ ဘေးလ်ဟာ သူ့ရဲ့ နှာခေါင်းစည်းနဲ့ မျက်လုံးတွေကိုအုပ်ပြီး အိပ်ပျော်နေတဲ့ပုံစံမျိုး ပြုလုပ်နောက်ပြောင်ခဲ့ပြန်ပါတယ်။ အသက် ၃၀ အရွယ် လက်ရွေးစင်ကစားသမား ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ တစ်ပတ်ကို ပေါင် ၆၀၀,၀၀၀ ရရှိနေပေမဲ့ ၅ ပွဲ ဆက်တိုက် ဝင်ကစားခွင့် ပျောက်ဆုံးခဲ့ကာ သုံးကြိမ်တိတိ အရန်ခုံပေါ် ထိုင်ခဲ့ရပါတယ်။ ဘေးလ်ရဲ့ ဒီလိုမျိုး ပြောင်ချော်ချော် အပြုအမူတွေဟာ ဂရန်နာဒါနဲ့ပွဲအပြီးမှာ မီဒီယာတွေပေါ်မှာ ရေပန်းစားလာခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဇီဒန်းကို မေးမြန်းခဲ့ရာမှာ “ကျနော် ဘေးလ်နဲ့ပတ်သက်ပြီး ဘာမှစောဒကတက်စရာ မရှိပါဘူး။ တကယ်ကို ဘာမှမရှိပါဘူး။ ကျနော်တို့ အသင်းသားတွေအားလုံးဟာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ရေးအတွက် ပွဲတွေက အနိုင်ရရှိဖို့အတွက်ပဲ အတူတကွ စဉ်းစားလုပ်ဆောင်နေပါတယ်” လို့ ပြောဆိုပါတယ်။ ဂရန်နာဒါအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ကန်မယ့် ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီရာသီ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up