Home
ဆောင်းပါး
‌ဗိုလ်ချုပ်ပုံ ပန်းချီဆွဲ ပြပွဲလုပ်မိလို့
DVB
·
July 15, 2020
ဗိုလ်ချုပ်ပုံဆွဲ  ထောင်ကျလည်းလေ၊ ရေးမြဲလျှက်သာ၊  မရွံ့ပါဘူး၊ မောင်သက်ဦးသည်၊  ပန်းချီဆရာ ဖြစ်ပါ၏။ ။  ဇူလိုင် ၁၉ နီးလာပြီ။ ‘‘ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်ဆိုတဲ့ သီချင်းသံတွေ ကြားလာနေပြီ။’’ ဗိုလ်ချုပ်နဲ့ အာဇာနည်ကိုးဦးပုံ ပန်းချီကားတွေကို ရေးဆွဲနေကြပြီ။ အခုအခါမှာတော့ ဗိုလ်ချုပ်ပုံ ပန်းချီပြပွဲတွေတောင် ကျင်းပနေပြီမို့ ဗိုလ်ချုပ်ပုံပန်းချီကားတွေ၊ ဗိုလ်ချုပ်ပုံပိုစတာတွေ၊ ဗိုလ်ချုပ်ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်ရင်ထိုးတံဆိပ်တွေ ကြောက်ဖို့ မလို မစိုးရိမ်ရဘဲ အသုံးပြုနေနိုင်ကြပါပြီ။ ၁၀၀၀ တန် ဗိုလ်ချုပ်ပုံ ငွေစက္ကူတောင် ထုတ်ပြီးပြီ။ ၅၀၀ တန်လည်း ထုတ်တော့မယ်။ ဒါပေမဲ့ အာဏာရှင်ခေတ် ၂၀၁၀ ပြည့်နှစ် ဝန်းကျင်လောက်အထိကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံ ရေးဆွဲမိတာဟာ ပန်းချီဆရာတွေအဖို့ ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုတခု ဖြစ်ခဲ့ဖူးတယ်ဆိုတာ မမေ့ကြသေးဘူးလို့ ထင်ပါ၏။ DVB သတင်းဟောင်းတွေ ပြန်ရှာကြည့်တဲ့အခါမှာ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ရန်ကင်းမြို့သားတယောက်ဟာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ပြီး ရွှေတိဂုံဘုရားတက်တော့ ရဲကဖမ်းပြီး ချုပ်နှောင်ခဲ့တဲ့သတင်း ပြန်တွေ့ရတယ်။  တွံတေးမြို့က ကျူရှင်ဆရာ ကိုအောင်ဖေဟာလည်း ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ သူ့ကျူရှင်ရှေ့ ဗိုလ်ချုပ်ဓာတ်ပုံကို အလေးပြုမှု၊ အာဇာနည်သီချင်းဖွင့်မှုနဲ့ ထောင် ၃ နှစ်ကျခဲ့ရပါတယ်။   ဒလမြို့၊ မှော်စက်က လက်သမား မောင်ဇော်ဟာလည်း  ၂၀၀၈ မေလ ၃ ရက် နာဂစ်မုန်တိုင်းအပြီး ပျက်သွားတဲ့ ရွှေတိဂုံဘုရားစောင်းတန်း ပြုပြင်လုပ်ရင်း အလုပ်သမားအချင်းချင်း “ဒေါ်အောင်ဆန်းစုကြည် ဒလ ရောက်တုန်းက တွေ့မြင်ဖူးကြောင်း” ပြောမိတာကို တယောက်က ထောက်လှမ်းရေးကို တိုင်ခဲ့လို့ အဖမ်းခံခဲ့ရတယ်။ သူ့ဆီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ပုံလေး တွေ့သွားတဲ့အမှု  ထောင် ၃ နှစ် ကျခဲ့ရရှာတယ်။ ဒါကြောင့်လည်း အဲ့သည် အမှောင်ခေတ်မှာ ထောင်ကျ အချုပ်ကျ ဖြစ်စေတဲ့ ဗိုလ်ချုပ်ပုံတွေကို သိုဝှက် ချောင်ထိုးထားခဲ့ ကြရတာ သတိရဦးမှာပါ။ ဒါကြောင့် ပန်းချီဆရာ ဆရာမတွေ ဗိုလ်ချုပ်ပုံ မဆွဲရဲခဲ့ကြ။ ရေးဆွဲရင်တောင် ပြခန်း မတင်ရဲကြပါဘူး။ ဖမ်းမှာပေါ့။ မဖမ်းရင်တောင် ချိတ်ထားရာက ဖြုတ်ချခံရမယ်။ စစ်ဆေးခံရမယ်။ သတိပေးခံရမယ် ဆိုတာမျိုးပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံဟာ တော်တော်ကြောက်စရာကောင်းခဲ့ပေါ့။  ဒါပေမဲ့ ၂၀၁၀ ခုနှစ်မှာ ဖမ်းချင်လည်းဖမ်း သူ့ ပန်းချီလက်ရာ ဗိုလ်ချုပ်ပုံတွေကို ပြပွဲတင်ချိတ်မယ်။ ထောင်ကျရင်လည်း ခံမှာပဲဆိုတဲ့ ပန်းချီဆရာတဦး ပေါ်ပေါက်လာပါတယ်။ သူကတော့ ရုပ်ရှင်ပိုစတာ သရုပ်ဖော်ပန်းချီဆရာ ပန်းချီမောင်သက်ဦးပါ။  ပန်းချီမောင်သက်ဦးရဲ့ တကိုယ်တော် MELODY & 3 D SOLO ART SHOW 2011 ကို ဗိုလ်ချုပ်ဈေးက ပန်းချီ အစည်းအရုံးပြခန်းမှာ ပြသခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံ ၃ ပုံချိတ်ပါတယ်။  ပြပွဲဖိတ်စာ ကက်တလောက်ကို စိစစ်ရေးဆင်စာတင်ရတယ်။ ဒါပေမဲ့ ပြပွဲပြီးတဲ့အထိ စိစစ်ရေးက ပြန်ချမပေးဘူးတဲ့။ ဒါကြောင့်ပြပွဲကို မီဒီယာတချို့အတွက်တောင် မဖိတ်နိုင်ခဲ့တာပါ။ ဆရာ ပန်းချီမောင်သက်ဦးက ပြောပြပါတယ်။  “အဲဒီခေတ်က ပန်းချီပြပွဲတွေဆိုရင် ထောက်လှမ်းရေးက အုပ်လိုက်လာကြည့်တာ။ အနီရောင်တွေများလို့။ အမဲရောင်များလို့။ ဟိုလူ့ပုံမို့။ ဒီလူ့ပုံမို့ဆိုပြီး ပုံတွေဖြုတ်ချတာဗျ။ ကျနော့ တကိုယ်တော် MELODY & 3 D SOLO ART SHOW ကျတော့ ကျနော်က ဖမ်းချင်လည်း ဖမ်းဆိုပြီးပြတာ။ ထောင်ကျလည်းကျပေါ့။ ကျနော့ခံယူချက်က အဲ့သလိုနဲ့ဗျ။” တကယ်တော့ ထောက်လှမ်းရေး မစစ်ခင် ပြဿနာတက်ခဲ့တာပါ။ ပြခန်းမချိတ်ခင်မှာ ဗိုလ်ချုပ်ပုံ ၃ ပုံ ပါတာကို သတင်းပေးတယောက် သိသွားပါတယ်။ ဒါကို ပန်းချီအစည်းအရုံးကို သွားတိုင်တယ်။ အတွင်းရေးမှူးက ခေါ်တွေ့ပြီး ပြပွဲမှာ ဗိုလ်ချုပ်ပုံ မထည့်ဖို့ တားပါလေရော။ အဲဒီအချိန် စိစစ်ရေး ထောက်လှမ်းရေးကလည်း ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူးလေ။ ဆရာ ပန်းချီသက်ဦးကလည်း ဘာပဲဖြစ်ဖြစ် ပြဖို့သာ ပြန်ဆွေးနွေးခဲ့တာပါ။ ဆရာက “ဗိုလ်ချုပ်ပုံ မပြရဘူးလို့ စာထုတ်ထားလား။ ဗိုလ်ချုပ်ပုံ မချိတ်ရဘူးလို့ အမိန့်ထုတ်ထားလား။ ဒီလို မရှိဘူး” ဆိုပြီး အတော်အချေအတင် ဆွေးနွေးပြီးမှ ပြပွဲလုပ်ခွင့်ရခဲ့တယ်လို့ ပြန်ပြောပြရဲ့။  ဖမ်းချင်ဖမ်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံ ဆွဲမယ်။ ထောင်ကျချင်ကျ ပြပွဲလုပ်မယ်ဆိုတဲ့ ပန်းချီမောင်သက်ဦးဟာ စစ်အစိုးရကနေ ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်နေချိန် ဖြစ်နေတာမို့လားတော့မသိ ကံကောင်းထောက်မစွာ အဖမ်းမခံခဲ့ရပါ။  ပန်းချီမောင်သက်ဦးရဲ့ ခံစားချက်ကို ကျနော် သိရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံဆွဲလို့ ဆရာဆောင်းဝင်းလတ် ထောင်တနှစ်ကျခဲ့တာကို သိအပြီးမှာ တခြား ပန်းချီဆရာတွေလည်း ဗိုလ်ချုပ်ပုံနဲ့ ပြဿနာရှိခဲ့ဘူးသလား သိချင်လာတယ်။ အင်းစိန်မှာ ပြပွဲလုပ်နေတဲ့ ပန်းချီနီပိုဦးဆီ ဖုန်းဆက်တော့ ဆရာမောင်သက်ဦး ကြုံခဲ့ရတာလို့ ညွှန်းပါတယ်။ တခြား ပန်းချီဆရာ ဆရာမတွေကလည်း ဆရာသက်ဦး ပြဿနာတက်ခဲ့ဖူးသတဲ့။ ဒါကြောင့် ပန်းချီမောင်သက်ဦးထံ ဆက်လိုက်တာပေါ့။ သူက ချက်ချင်း ပြန်ပြောပြခဲ့တာပါ။ အတိတ်က ပန်းချီဆရာဘဝ ခက်လှပုံတွေပေါ့။ အောင်ဆန်းပုံ မချိတ်ရ။ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ပုံဆို ပိုဝေးပေါ့။ တခြားပန်းချီကားတွေလည်း အနီရောင်များလို့ မပြရ။ နောက်ဖေးလမ်းကြား စုတ်ပြတ်ညစ်ပတ် ပေရေနေတဲ့ပုံ ပန်းချီကားတွေ မပြရ။ လူဆင်းရဲတွေရဲ့ ပုံတွေ မပြရ။ မပြရ။ မပြရ။ မချိတ်ရ။ မချိတ်ရ။ ဖြုတ်ချ။ မှောက်ထား။ အတိတ်က ပန်းချီကားများ။ ကျနော်က ဆရာ ပန်းချီမောင်သက်ဦးကို အရင်က ဗိုလ်ချုပ်ပုံဟာ ပြစ်မှုကြီးတခု ဖြစ်ပေမဲ့ အခု လွတ်လပ်လာတဲ့အပေါ် အမြင်ကို မေးတဲ့အခါမှာတော့ သူက အခုလို ပြန်ပြောပါတယ်။ “ဗိုလ်ချုပ်ပန်းချီကား ပြဿနာတင်မက ကျနော်ဆွဲတဲ့ မြစ်ဆုံပန်းချီကားလည်း ပြပွဲ အပိတ်ခံခဲ့ရတယ်။ ဒီဘက်ခေတ်ကျမှ ပြန်ပြခွင့်ရတာ။ လွတ်လပ်လာတော့ ဝမ်းသာတယ်။ ဗိုလ်ချုပ်ပုံ ပန်းချီဖြစ်ဖြစ်၊ ပန်းပုဖြစ်ဖြစ် တူအောင်၊ ဒါမှမဟုတ် အချိုးအစားကျအောင် ဆွဲကြစေချင်ပါတယ်။ ဂင်တိုတိုတွေ ပုကွကွတွေ၊ ပိန်ရှည်ရှည်တွေ မဖြစ်သင့်ပါဘူး။ ဒီနေ့တောင်မှ လှိုင်သာယာမှာ ဗိုလ်ချုပ်ပုံမတူလို့ ပြဿနာတက်နေကြတယ်။ ပန်းပုဆရာတွေကပဲ  ထုလုပ် စေချင်ပါတယ်။ ပန်းရံသမားကို လုပ်မခိုင်းသင့်ဘူး။ တကယ့် Artist ကို လုပ်ခိုင်းမှ အချိုးကျ အမှတ်တရ ဖြစ်မှာပေါ့။ ပန်းချီလဲ ဒီလိုပဲ။ အချိုးအစားမှန်မှန်နဲ့ ဗိုလ်ချုပ်ရဲ့ စိတ်နေစိတ်ထား မှန်အောင် ရေးဆွဲဖို့ လိုပါတယ်။”    ဒီနေ့အခါ လွတ်လပ်လာပါပြီ။ အာဇာနည်နေ့ ရောက်တော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ပုံတွေကို ပန်းချီဆွဲနေကြပြီ။ ဗိုလ်ချုပ်ပုံ ပန်းချီပြိုင်ပွဲတွေတောင်လုပ်နေကြပြီ။ ဒါပေမဲ့ သတိရနေသူတွေကတော့ ဗိုလ်ချုပ်ပုံ သေးသေးလေး တခုကြောင့်နဲ့ ထောင်ကျခဲ့တာ။ အချုပ်ကျခဲ့ကြတာ။ စိတ်သောကရောက်ခဲ့ကြရတာတွေကို ပြန်မြင်ယောင်နေကြဆဲပါ။ သတင်းသမားတွေကလည်း သတင်းဟောင်းတွေ ပြန်လှန်ရင်း အာဇာနည်နေ့မှာ ဥဩဆွဲခွင့် မရခဲ့တာတွေ၊ ဗိုလ်ချုပ်ရင်ထိုး၊ တီရှပ်တွေကြောင့် အဖမ်းခံခဲ့ကြရတာတွေ ပြန်တွေ့ကြရပါတယ်။ ပန်းချီပညာရှင်တွေဆိုလည်း ပြပွဲဟောင်းတွေကို စိုးရိမ်စိတ်နဲ့ စီစဉ် ပြသခဲ့ကြရတာကို ပြန် သတိရကြပါလိမ့်မယ်။ အဲဒီလို စနစ်မျိုး အဲဒီလို ခေတ်ဆိုးကြီးကိုတော့ ဘယ်ပန်းချီဆရာ ဆရာမတွေကမှ ပြန်ရောက်လိုကြတော့မှာ မဟုတ်ပါဘူးခင်ဗျာ။ ။ မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024