Home
မြန်မာသတင်း
ကိုဗစ်ကာလ ကရင်ပြည်နယ်ရှိ  အလုပ်သမား ၁၉၀၀ နီးပါးကို  ကျပ်သိန်း ၆၀၀ ကျော် ထောက်ပံ့
DVB
·
July 14, 2020
ကရင်ပြည်နယ်အတွင်း ကိုဗစ်ကပ်ဘေးကာလ လူမှုဖူလုံရေးမှတ်ပုံတင်ထားတဲ့ အလုပ်သမား ၁၉၀၀ နီးပါးအတွက် ကျပ်သိန်း ၆၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ပြီးဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ပြောပါတယ်။ ပြည်နယ်အတွင်းက စက်ရုံ၊ အလုပ်ရုံ ၇ ရုံက အလုပ်သမားတွေကို တစ်ဖက်တစ်လမ်းက စားဝတ်နေရေးအဆင်ပြေစေဖို့ အလုပ်သမား ၁၉၀၀ နီးပါးကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၁၃(ခ) (၂)နဲ့ ပုဒ်မ ၁၀၀ အရ လုပ်ခလစားရဲ့ ၄၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရရှိတဲ့ အလုပ်သမားတွေကို ထောက်ပံ့ပေးအပ်တာပါ။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က “စက်ရုံပိတ်ထားတဲ့ ကာလအတွင်းက လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်ပေးတာ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ ညီညွတ်တဲ့အတွက် ပေးအပ်တာ”လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလ အမှတ် ၁ ဘိလပ်မြေစက်ရုံ(တန်-၉၀၀)ယာယီရပ်နားခဲ့တဲ့ ရက်ပေါင်း ၁၆ ရက်တာအတွက် အာမခံအလုပ်သမား ၅၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၈၀ ကျော်ကို ထောက်ပံ့ငွေကို စက်ရုံတာဝန်ရှိသူထံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကာလ စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနတွေကို လိုက်နာရန်ထုတ်ပြန်ချက်အရ ဧပြီ ၂၀ ရက်နေ့ကစတင်ပြီး တန် ၉၀၀ ဘိလပ်မြေစက်ရုံဟာ ယာယီ ပိတ်ထားခဲ့တဲ့အတွက် အခုလို ထောက်ပံ့ငွေပေးအပ်ခဲ့တာပါ။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024