Home
မြန်မာသတင်း
ချိန်ခါလီကျေးရွာတွင် သက်ကြီးပိုင်းရွာသား ၂ ဦးပစ်သတ်ခံရ၊ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်
DVB
·
July 14, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ရွာသား ၂ ဦး သေဆုံးပြီး ၄ ဦး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့  ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ "မနေ့က ညနေမှာ ပြေးမရတဲ့ သက်ကြီးရွယ်တွေကို အိမ်ပေါ်ကိုတက်ပြီး ပစ်ခတ်ခဲ့တာပါ။ ၂ ဦးသေတယ်လို့ အကြမ်းအားဖြင့်သိရတယ်။ နောက်ထပ်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရတယ်။ ရွာကိုဘယ်သူမှ မသွားရဲဘူး အလောင်းတွေလည်း ဒီအတိုင်း ရှိနေသေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပါတယ်။"လို့ ပြောပါတယ်။ သေဆုံးသူ သက်ကြီးပိုင်း ၂ ဦးမှာ ဦးထွန်းစိန်မောင် ၈၀ နှစ် နဲ့  ဦးထွန်မောင်စိန် ၆၅ နှစ် တို့ ဖြစ်ပြီး နောက်ထပ်သေဆုံးသူ အရေအတွက်အတိအကျ မသိရသေးပါဘူး။ ဖမ်းဆီးခေါ်ဆောင်တာနဲ့ ပတ်သတ်ပြီး ရှိန်ခါလီစခန်းမှူးကို ဖုန်းဆက်မေးမြန်ရာ မဟုတ်မှန်ကြောင်း  ငြင်းဆိုပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ချိန်ခါလီကျေးရွာသားတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် ရွာအတွင်း မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့ရာမှ ညနေ ၅ နာရီကျော်မှာ ကျေးရွာ အတွင်းဝင်ရောက်လာတဲ့ တပ်မတော်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူ သူမရှေ့မှာပဲ သေဆုံးသွားတယ်လို့ ဇနီး ဖြစ်သူက ပြောပါတယ်။ "နေအိမ်မှာပုန်းခိုနေတာပါ တပ်မတော်သားတွေက နေအိမ်အပြင်သို့ခေါ်ယူပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာ”လို့ ဇနီးဖြစ်သူ ဒေါ်ဦးတင်ညွန့်က ပြောပါတယ်။ ပစ်ခတ်သေဆုံးတာတွေ ရှိနေပြီး အလောင်းတွေကို ယူဆောင်ခွင်ရဖို့ ကျေးရွာအတွင်း ဝင်ခွင့်ရဖို့ ကြိုးစားနေကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။ "ICRC ကိုတော့ အကြောင်းကြားထားတယ်။ ICRC ဆိုတာကလည်း ဒဏ်ရာရသူတွေ ကိုသာ သွားယူလို့ရတာ ဒါတောင် အာဏာပိုင်တွေ ခွင့်ပြုချက်မရှိရင် မသွားနိုင်ဘူး" လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ”တပ်မတော်စစ်ကြောင်းက ရွာကိုဝင်ပြီးတော့ ပစ်စရာအကြောင်း မရှိပါဘူး။ အရပ်သားတွေ သေတယ်ဆိုတာကလည်းကျနော်တို့ စုံစမ်း သိရှိသလောက်တော့မရှိပါဘူး။ အဲ့ဒါတွေက သတင်းအမှားတွေ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ စိစစ်သလောက်ကတော့မရှိဘူးလို့ သိရပါတယ်”လို့ပြောပါတယ်။ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းကို ဖုန်းဆက်သွယ်မေးမြန်းရာမှာ"မနေ့က တိုက်ပွဲမှာ ကျေးရွာမှာမပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို ၂ ဦး ကျည်ထိမှန်ပြီး သေဆုံးတယ်။ ဘယ်ဘက်ကပစ်တာလဲဆိုတာတော့ မျက်မြင်မဟုတ်တော့ မသိပါဘူး။ အလောင်းကို အခုပဲ ယူခွင့်ပေးလိုက်ပါပြီ။ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတာ ကျေးရွာ ၃ ရွာရှိတယ်" လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက” ရွာထဲမှာ လူ ၇ ယောက်လောက်၊ ၈ ယောက်လောက်ပိတ်မိနေတယ်လို့ ဖုန်း ဆက်ပြောပါတယ်။ ကျမတို့ စုံစမ်းသလောက်ကတော့ အဲ့ဒီမှာ သေဆုံးနေတဲ့အလောင်းနှစ်လောင်းရှိတယ်ဆိုတာကို ရွာသားတွေ ဖုန်းဆက်လို့ သိရပါတယ်။ ရွာသားတွေကတော့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးနေကြတယ်။" လို့ပြောပါတယ်။ အသက် ၈၀ ဝန်းကျင်ရှိ ဦးထွန်းစိန်မောင်ကတော့ ကျေးရွာအတွင်းလမ်းထိပ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေရှိခဲ့တယ်လို့ ချိန်ခါလီ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာတော့  အသက် ၁၅ နှစ်ဝန်းကျင်ရှိ မောင်အပေါက်ချေ၊ အသက် ၃၀ ကျော် ကိုဘဒေါင်းနဲ့ အသက် ၄၉ ဝန်းကျင်ရှိ ကိုနွယ်ချစ်ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းကလည်း  အဆိုပါကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာသား ဦးမောင်ထွန်းဝင်းရဲ့ ခြေထောက်မှာ ထိမှန်ဒဏ်ရာ၊ ဒေါ်ဦးမြင့်ကြည်မှာ လက်မောင်းထိမှန်ဒဏ်ရာနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရင်ဘတ်ထိမှန်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ သတင်း- ဝဏ္ဏခွာညို/ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024