ဆီးရီးယားနိုင်ငံကို ကူညီထောက်ပံ့ခွင့် ကုလလုံခြုံရေးကောင်စီအတည်ပြု

တူရကီနိုင်ငံနယ်စပ်ကို ဖြတ်ပြီး ဆီးရီးယားနိုင်ငံထဲကို ထောက်ပံ့ရေးအကူအညီတွေ ပို့ပေးဖို့ ကုလလုံခြုံရေးကောင်စီက ဇူလိုင်လ ၁၁ ရက်မှာ အတည်ပြုလိုက်ပါပြီ။ ၆ နှစ်ကြာ ဆီးရီးယားစစ်ပွဲအပြီး သန်းချီတဲ့အရပ်သားတွေ ဆင်းရဲဒုက္ခရောက်နေတာပါ။ တူရကီနိုင်ငံကနေ ဖြတ်ပြီးပို့မယ့် အကူအညီတွေဟာ ဆီးရီးယား အနောက်မြောက်ပိုင်းက နိုင်ငံသားတွေအတွက် အသက်သွေးကြောပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်အတွင်း ငါးကြိမ်မြောက် မဲပေးရာမှာ အရင်အခေါက်တွေက ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ ဆီးရီးယားအစိုးရရဲ့ မိတ်ဖက် ရုရှားနဲ့ တရုတ်တို့ကို ကျန်အဖွဲ့ဝင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဗီတိုအာဏာရှင် ရုရှားနဲ့ တရုတ်တို့က တူရကီ နယ်စပ်ဖြတ်ကူးရေး စခန်း ၂ ခုအစား တခုကိုသာ အတည်ပြုပေးချင်ကြတာပါ။ ဆီးရီးယားအနောက်မြောက်ပိုင်းဟာ နိုင်ငံတွင်းကနေတဆင့်လည်း သွားနိုင်တယ်လို့ သူတို့က ပြန်လှန်ငြင်းခုံပါတယ်။ လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး ဒိုမီနီကံ ရီပတ်ဗလစ်က ကြားနေခဲ့ပါတယ်။ ၂၀၁၄ က ဆီးရီးယားနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ကူညီပေးရေးပစ္စည်းတွေ ပို့ချိန်က ဂျော်ဒန်နဲ့ အီရတ်နယ်စပ်တွေကို ဖြတ်ပြီး ပေးပို့ခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဆန့်ကျင်လို့ အဲဒီ လမ်းကြောင်းနှစ်ခုကို ဇန်နဝါရီလမှာ ဖြတ်တောက်ခဲ့ပါတယ်။ ရုရှားဟာ ဆီးရီးယားနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ၁၆ ကြိမ်တိုင် ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။ ၂၀၁၁ မှာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်က ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့လို့ ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up