မောင်တောမြို့တွင် တောဆင်ရိုင်း နင်းခံရသဖြင့် ရွာသား ၁ ဦး သေဆုံး
DVB
·
July 13, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ဗောဓိကုန်းကျေးရွာက ရွာတဦး ဇူလိုင် ၁၁ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က ယာခင်းသွားရောက်စဉ် တောဆင်ရိုင်းနင်းသတ်ခံပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဗောဓိကုန်းကျေးရွာသားတဦးက "ဒီဆင်က လူသတ်တာ ၂ ခါရှိပြီ။ ဟိုတခါ ကံသာယာ အထက်ရွာက တောင်သူတဦးကို သတ်ထားတာလည်း ဒီကောင်ပဲ။ ဒီဆင်မှာက ခြေတဖက်ငယ်တယ်။ ဟိုတခါ လူသေကတည်းက သစ်တောက လိုက်လံရှင်းလင်းရမှာ အခုတော့ နောက်တစ်ယောက်သတ်ပြန်ပြီ။ နောက်လည်း သတ်လာနိုင်သေးတယ်။ အလွန်အန္တရာယ်များပါတယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသွားသူမှာ ၅၇ နှစ်အရွယ် ဦးကျော်မြဖြစ်ပြီး သားသမီး ဦးကျန်ခဲ့ပါတယ်။ ရုပ်အလောင်းအား ဇူလိုင်က ၁၂ ရက်နေ့က မီးသင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၄ ရက်နေ့ကလည်း မောင်တောမြို့ ကံသာယာကျေးရွာက တောင်သူတဦး တောဆင်ရိုင်းနင်းသတ်လို့ သေဆုံးသွားခဲ့ရပါတယ်။
အခုလို တောဆင်ရိုင်းနင်းသတ်လို့ ဒေသခံတွေ သေဆုံးနေမှုတွေနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမျိုးမြင့်ဇော်က "ကျနော်တို့ သစ်တောဦးစီးဌာနက တောဆင်ရိုင်းတွေကို သတ်ပိုင်ခွင့်မရှိပါဘူး။ တောဆင်ရိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေပဲ လုပ်ပေးလို့ရတယ်။ လုပ်လည်းလုပ်နေပါတယ်။ တောဆင်ရိုင်တွေလာတတ်တဲ့ နေရာတွေမှာ အသံမြည်နိုင်တဲ့အမှတ်အသားတွေ လုပ်ထားဖို့လိုတယ်။ သူတို့ကို သွားမစဖို့လိုတယ်။ သတ်လို့တော့ မရဘူးဗျ တားမြစ်သတ္တဝါဖြစ်တယ်" လို့ပြောပါတယ်။
လင်းလက်