ဂျာမနီရှိ ဆောင်ကြာမြိုင်များ ပြန်ဖွင့်ပေးရန် လိင်လုပ်သားများ ဆန္ဒပြ

1.7K
ဂျာမနီနိုင်ငံမှာ အသွားအလာပိတ်ဆို့ကန့်သတ်တဲ့ လော့ဒေါင်းချတာ ဖြေလျှော့ပေးပြီးနောက် ဟမ်းဘတ်မြို့က လိင်အလုပ်သမတွေက သူတို့ရဲ့နေရာတွေကို ပြန်ဖွင့်ပေးဖို့ ဇူလိုင် ၁၁ ရက်က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေ ပြန်ဖွင့်ပေမဲ့ သူတို့နေရာတွေကိုတော့ ပိတ်ထားဆဲပါ။
ဂျာမနီမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပြီး လိင်အလုပ်သမတွေဟာ အခွန်ဆောင်ရပါတယ်။
လိုင်စင်ရ ဆောင်ကြာမြိုင်တွေကို ဆက်ပိတ်ထားတာဟာ သက်တမ်းအရင့်ဆုံး လုပ်ငန်းကို တရားမဝင် လုပ်ငန်းဖြစ်အောင်လုပ်ရာ ရောက်တဲ့အပြင် လမ်းတွေပေါ်ထွက်ပြီး အပေးအယူ လုပ်ရင် ပိုအန္တရာယ်ရှိပြီး တကိုယ်ရေသန့်ရှင်းရေးလည်း ပိုညစ်ညမ်းမယ်လို့ သူတို့က မကျေမနပ် ပြောပါတယ်။
သူတို့က တခြားစီးပွားရေးလုပ်ငန်းငယ်တွေလိုပဲ ကပ်ဘေးကာလမှာ အထောက်အပံ့ လိုချင်တယ်။ သူတို့ရဲ့ နေရာတွေမှာ တခြားလုပ်ငန်းတွေလိုပဲ တကိုယ်ရေသန့်ရှင်းရေး လုပ်ဖို့ စီစဉ်ထားတယ်။
ဧည့်သည်တွေကို ပါးစပ် နှာခေါင်းစည်း Mask တပ်လာခိုင်းဖို့နဲ့ သူတို့ရဲ့ သွားလာထိတွေ့မှု အသေးစိတ်ကိုပါ မှတ်တမ်းတင်ထားဖို့ လုပ်မယ်လို့ ဆန္ဒပြပွဲကို စီစဉ်တဲ့ လိင်လုပ်သားများ အသင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။