အိန္ဒိယပြန် တပ်မတော်သား ၃ ယောက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
July 12, 2020
အိန္ဒိယပြန်တပ်မတော်သား ၃ ယောက်မှာ ကိုဗစ်-၁၉ ထပ်တွေ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သင်တန်းတက်ရောက်ပြီးဆုံးလို့ ဇွန် ၂၆ ရက်မှာ တပ်မတော်လေယာဉ်နဲ့ ပြန်ရောက်လာတဲ့ အရာရှိ စစ်သည် ၄၈ ယောက်ထဲက ၃ ယောက်မှာ ထပ်တွေ့ခဲ့တာပါ။
သူတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ အသွားအလာကန့်သတ်သီးခြား စောင့်ကြည့်ထားခဲ့တာဖြစ်ပြီး မနေ့က နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝဝ)မှာ ထပ်ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီ ၄၈ ယောက်ထဲက ၈ ယောက်မှာ ပိုးတွေ့ခဲ့တာကို ထုတ်ပြန်ထားခဲ့ပြီးဖြစ်လို့ စုစုပေါင်း ၁၁ ယောက်မှာ ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။
ပိုးတွေ့လူနာတွေကို တပ်မတော်ကကြိုတင်စီစဉ်ထားတဲ့ တပ်မတော် အသည်းရော ဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ) ကို ပို့ဆောင်ပြီး ဆေးကုသပေးနေပြီး သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေခဲ့တဲ့ စစ်သည်နဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေ၊ လေယာဉ်တစင်းတည်း လိုက်ပါစီးနင်းခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေတာ၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုတာကို ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၁,၀၂၈ ခု စစ်ဆေးရာမှာ အင်္ဂလန်ပြန်လာသူ အမျိုးသား ၁ ဦးနဲ့ အိန္ဒိယက ပြန်လာတဲ့ အမျိုးသား ၃ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။