Live
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ထပ်မံစစ်ဆေး
ညီငယ်
·
July 12, 2020
လွှတ်တော်ကိုယ်စားလှယ် အယောက် ၄၅၀ ရဲ့ ဓာတ်ခွဲနမူနာတွေကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ ၂ မှာ မနေ့မနက်ပိုင်းက ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပေးပို့စစ်ဆေးထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ၁၇ ကြိမ်မြောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို တက်ရောက်ကြမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့တာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ဒီဗွီဘီကို ပြောပါတယ်။ “Negative၊ Positive စစ်တာကို ရှင်းရှင်းသိရတယ် ဆိုတော့လေ၊ ကျနော်တို့အပြင်မှာ စစ်ရင် ငွေကုန်ကြေးကျလည်း ခံရမယ်။ ဒီလိုနိုင်ငံတော်က အကုန်အကျခံ စစ်ပေးတဲ့အတွက် ကျတော်တို့ ကျေနပ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်တုန်းကလည်း အားလုံးပဲ ပိုးမတွေ့တာ ကြေညာပေးတယ်လေ။ အခုလည်း ကြေညာပေးမှာပါ။ ကျနော် ထင်ပါတယ်၊ တကယ်လို့များ Positive ဖြစ်ရင်လည်း ဖုံးကွယ်မထားနိုင်ဘူးလေ။ နာမည်ကိုတော့ ကြေညာချင်မှ ကြေညာမယ်။ ဒါပေမဲ့ ကုသမှုကိုတော့ အမြန်ဆုံး လုပ်ပေးမယ် ထင်တယ်လေ။” နေပြည်တော်မှာ ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကျင်းပစဉ် မေလကုန်ပိုင်းက လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ တယောက်မှ ရောဂါပိုးမတွေ့ခဲ့ပါဘူး။ ဇူလိုင် ၁၃ ရက် ကျင်းပမယ့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအ‌ဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းတာ အပါအဝင် အစီအစဉ် ၁၀ ခုနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ အလားတူ ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကိုလည်း တချိန်တည်း ကျင်းပသွားမှာဖြစ်ပြီး၊ လွှတ်တော်တွေ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းတာ အပါအဝင် အစီအစဉ် ၉ ခုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024