Home
မြန်မာသတင်း
ရသေ့တောင်တွင် အမျိုးသမီး ၂ ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရ
DVB
·
July 12, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာမှာ အမျိုးသမီးနှစ်ယောက် ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကျည် ထိမှန်ခဲ့လို့ ဒဏ်ရာပြင်းထန်သူ ၁ ဦးအား စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။ ထိခိုက် ဒဏ်ရာရရှိခဲ့သူရဲ့ မောင်ဖြစ်သူ ကိုဇော်ထွန်းမြင့်က “စစ်ကြောင်းက ရေချမ်းပြင်ဆိပ်ကမ်းကနေ အငူဘက်ကိုလာတာ။ အဲ့ဒီမှာ ကုန်တန်း၊ သာစည်ကုန်း၊ ပေါက်တောပြင်ကျေးရွာ ကျနော်တို့ရွာ အောင်ဗလရောက်တော့ ရွာထဲပစ်တယ်။ အိမ်ထဲမှာ ပုန်းနေတဲ့ အမျိုးသမီးနှစ်ယောက်ကျည်ထိတယ်။ တစ်ယောက်ကတော့ ညာဘက်လက်မောင်း ပြတ်လုနီးပါး ဖြစ်သွားတယ်။ နောက်တစ်ယောက်တော့ သိပ်မစိုးရိမ်ရဘူး။” ကျည်ထိမှန် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးထဲက ဒေါ်မသန်းဝင်းမှာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့ မောင်ဖြစ်သူက ဆိုပါတယ်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “နှစ်ယောက် ဒဏ်ရာရပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ မိုင်းပေါက်ကွဲတာလည်း မရှိပါဘူး။ တပ်မတော်စစ်ကြောင်းကတော့ သွားလာလှုပ်ရှားတာတွေ ရှိတယ်။ တပ်မတော်စစ်ကြောင်းက အငူမော်ဘက်ကနေ ကုန်တန်း၊ သာစည်ကုန်း၊ ပေါက်တောပြင်၊ အောင်ဗလကျေးရွာ တစ်လျှောက် ပစ်ခတ်မှုတွေ လုပ်ပြီး တက်လာတာကြောင့် ဆင်ပိုက်ကျေးရွာဆိုတဲ့ ရွာလေးတစ်ရွာကို အားလုံးနီပါး ထွက်ပြေးတိမ်းရှောင်လိုက်ရတယ်” လို့ ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံးခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်တို့ကို အကြိမ်ကြိမ် ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ခေါ်ဆိုလို့ မရပါဘူး။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွား ကားလမ်းဘေးမှာ အေအေအဖွဲ့က ဒေသန္တရလက်လုပ်ရီမုမိုင်းတွေ ထောင်ထားကြောင်း သတင်းရရှိလို့ ဇူလိုင် ၁၁ ရက်မနက်ပိုင်းက တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာတွေမှာ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံး ဖော်ထုတ်ရရှိခဲ့ပြီး ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့ တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက သက်မဲ့ပြုလုပ်ပြီး စနစ်တကျ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကလည်း စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်ရှိ နည်းပညာကောလိပ် (GTC) အနီးမှာ အေအေအဖွဲ့ ထောင်ထားတဲ့ ဒေသန္တရလက်လုပ်ရီမုမိုင်းတွေကို တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းရာ မိုင်း ၁ လုံးပေါက်ကွဲပြီး မိုင်း ၅ လုံး ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြောက်ပိုင်း ကျောက်တန်းတိုက်နယ်မှာ တပ်မတော်က ပြီးခဲ့တဲ့ဇွန် ၂၃ ရက်နေ့မှာ နယ်မြေရှင်းလင်းဖို့ ကြေညာချက်ထုတ်ပြီးနောက်မှာ ဒေသခံတော်တော်များများ နေရပ်စွန့်ခွာပြီး ပုဏ္ဏားကျွန်းမြို့ပေါ်၊ စစ်တွေမြို့ကို ဒေသခံတွေ သောင်းနဲ့ ချီထွက်ပြေးနေကြပါတယ်။ ဒါပေမဲ့ တပ်မတော်က နယ်မြေရှင်းလင်ရေးလုပ်ဖို့ ထုတ်ပြန်ချက်ကို ရက်အနည်းငယ်မှာပဲ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ကျေးရွာသားတွေကတော့ ဘေးရွာရာကို ထွက်ပြေး တိမ်းရှောင်နေကြဆဲ ဖြစ်ပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024