Homeမြန်မာသတင်း
ဧရာဝတီတိုင်း စက်ရုံအလုပ်ရုံ အလုပ်သမားများကို လူမှုဖူလုံကြေးငွေ သိန်း ၂၀၀၀ ကျော် ထောက်ပံ့
ဧရာဝတီတိုင်း စက်ရုံအလုပ်ရုံ အလုပ်သမားများကို လူမှုဖူလုံကြေးငွေ သိန်း ၂၀၀၀ ကျော် ထောက်ပံ့
DVB
·
July 12, 2020
ဧရာဝတီတိုင်းမှာ ကိုဗစ်ကပ်ဘေးကာလ အစိုးရရဲ့အစီအစဉ်နဲ့ ရပ်နားခဲ့ရတဲ့ စက်ရုံ အလုပ်ရုံ ၁၄ ရုံက အလုပ်သမားတွေကို လူမှုဖူလုံရေးထောက်ပံ့ကြေးငွေ ကျပ် သိန်း ၂၀၁၇ သိန်းကျော် ဇူလိုင် ၁၁ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။
ဧပြီလအတွက် စက်ရုံပိတ်ရက်တွေကို လူမှုဖူလုံရေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေကို လူမှုဖူလုံကြေးငွေ ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပြီး လူမှုဖူလုံရေးထောက်ပံ့ကြေးငွေ ကျပ် သိန်း ၂၀၁၇ ကို ဧရာရွှေဝါခန်းမမှာ စက်ရုံ အလုပ်ရုံက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပေးအပ်ခဲ့တာပါ။
“နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ လူမှုဖူလုံရေး ဥပဒေအရ ကိုဗစ်ဖြစ်မှ မဟုတ်ဘူး၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်ဘက်က ပိတ်ရတဲ့အတွက် ဒီအလုပ်သမားတွေအတွက်ကို နစ်နာကြေး ပြန်ပေးတာပါ။ ဒါကလည်း အလုပ်သမားတွေ လစဉ်ထည့်ဝင်ထားတဲ့ငွေတွေထဲက ၄၀ ရာခိုင်နှုန်း ပြန်ပေးတာ ဖြစ်ပါတယ်” လို့ ပထမဆုံးပေးခဲ့စဉ်က တိုင်းအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
လူမှုဖူလုံရေးအကြိုခံစားခွင့် ထောက်ပံ့ငွေကို ပုသိမ်မြို့၊ စက်မှုဇုန်အတွင်းက ဒေါင်းလောင်း အထည်ချုပ်စက်ရုံက လူမှုဖူလုံကြေးငွေ ထည့်သွင်းထားတဲ့ အလုပ်သမား အယောက် ၂၃၂၃ အတွက် ထောက်ပံ့ကြေးငွေ ကျပ် သိန်း ၆၇၀ ကျော်ကို ပထမဆုံးပေးအပ်ခဲ့တာပါ။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စက်ရုံ အလုပ်ရုံတွေကို ဧပြီ ၂၁ ရက်ကနေ မေလ ၂ ရက်အထိ အစိုးရရဲ့ အစီအစဉ်နဲ့ ပိတ်ထားခဲ့တာကြောင့် ပိတ်ရက်တွေအတွက် အလုပ်သမားတွေ နစ်နာခဲ့တဲ့ လုပ်ခလစာတွေအတွက် လူမှုဖူလုံရေးကနေ အလုပ်သမားတွေ လစဉ် ထည့်သွင်းထားတဲ့အထဲက ၄၀ ရာခိုင်နှုန်း ပြန်လည်ထုတ်ပေးခဲ့တာပါ။
ထောက်ပံ့ကြေးရခဲ့တဲ့ စက်ရုံက အလုပ်သမားတဦးက “သင်္ကြန်ပိတ်ရက်ပြီးတော့ နားလိုက်ရတယ်၊ အဲဒီအတွက် ထောက်ပံ့ကြေးငွေ ကျပ် ၃၇၀၀၀ ကျော်ရတယ်၊ လတိုင်းတော့ လူမှုဖူလုံကြေး ၂၈၀၀ သွင်းရပါတယ်” လို့ ပြောပါတယ်။
ဧပြီလအတွင်း ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စက်ရုံတွေကို အစိုးရရဲ့ အစီအစဉ်တွေနဲ့ ပိတ်ခဲ့ရလို့ လစာထုတ်ချိန်မှာ အရင်ကထက် လစာလျော့နည်းတာတွေရှိခဲ့ပေမဲ့ ခုလို လူမှုဖူလုံကြေး ထောက်ပံ့ငွေပြန်ရလို့ အဆင်ပြေမှုအနည်းငယ်တော့ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး လုပ်သားဦးရေ ၁၄၀၀ ကျော်နဲ့ အလုပ်လည်ပတ်နေတာဖြစ်ပါတယ်။
ကပ်ရောရောဂါဖြစ်ပွားချိန်နောက်ပိုင်း ယာယီရပ်နားထားတဲ့ စက်ရုံတွေရှိသလို လုပ်သား လျှော့ချခဲ့တဲ့ စက်ရုံတွေလည်း ရှိတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)