ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်များကို လစာ တိုးမြှင့်
DVB
·
May 27, 2013
လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကစ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်အဆင့်ဆင့်ကို ၁ လ လစာ ကျပ် ၄ သောင်းစီ တိုးမြှင့်ပေးလိုက်ပြီး ရပ်ကျေးတာဝန်ခံတွေကိုလည်း ၁ လ လစာ ကျပ် ၅၀၀၀၀ စီ စတင်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရုံး တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
လစာ ကျပ် ၄ သောင်းစီ တိုးမြှင့်ပေးလိုက်တဲ့အတွက် မြို့နယ်ကော်မတီဝင်တဦးဟာ အရင်က ၁ လ ကျပ် ၆ သောင်းရရာကနေ အခု ကျပ် ၁ သိန်း စတင်ရရှိပြီ ဖြစ်ပါတယ်။
တိုးမြှင့်လာတဲ့ လစာနှုန်းထားတွေအရ ခရိုင်ကော်မတီဝင်ဆိုရင် ၁ လကို ကျပ် ၁ သိန်း ၁ သောင်း၊ တိုင်းကော်မတီဝင် ကျပ် ၁ သိန်း ၂ သောင်း၊ အရန်ဗဟိုကော်မတီဝင် ကျပ် ၁ သိန်းခွဲ၊ ဗဟိုကော်မတီဝင် ကျပ် ၂ သိန်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကျပ် ၃ သိန်း တိုးမြင့်ရရှိလာကြောင်း သိရပါတယ်။
လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အရင် စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေးအသင်းကို အမွေဆက်ခံထားတာ ဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်းများစွာနဲ့ စီးပွားရေး လုပ်ငန်းပေါင်းများစွာ လက်ခံရရှိထားတဲ့ ငွေကြေးအင်အား တောင့်တင်းတဲ့ ပါတီကြီးတခု ဖြစ်ပါတယ်။