ဥရောပတွင် အစုအပြုံလိုက်သတ်မှု ၂၅ နှစ်ပြည့် နှစ်ပတ်လည်ကျင်းပ

1.3K
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေပေါ်မှာ အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှု ဖြစ်တဲ့ ဆရီဘရင်နီကာ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ၂၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်က ဘော့စနီးယားနိုင်ငံ ပိုတိုကာရီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဒီနှစ်ပတ်လည်အခမ်းအနားကို တက်ရောက်သူ သောင်းဂဏန်း ရှိပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ လော့ဒေါင်း အစီအမံတွေကြောင့် တက်ရောက်သူ လျော့နည်းဖွယ်ရှိတယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ဆရီဘရင်နီကာဒေသမှာ ဆာ့ဘ်တပ်ဖွဲ့ဝင်တွေက မွတ်ဆလင် အယောက် ရှစ်ထောင်ကျော်ကို ရက်ပိုင်းအတွင်း သတ်ဖြတ်ခဲ့ပါတယ်။
နိုင်ငံတကာတရားရုံး နှစ်ခုက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် နာမည်တပ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးဟာ ဘော့စနီးယား ခရိုအက်မွတ်စလင်တွေနဲ့ ဆာ့ဘ်လူမျိုးတွေကြား ဖြစ်တဲ့ ၁၉၉၂- ၁၉၉၅ စစ်ပွဲ ပြီးဆုံးခါနီးမှာ ဖြစ်ခဲ့တာပါ။
အဲဒီစစ်ပွဲမှာ လူတစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။
ဒီကြေကွဲဖွယ်ဖြစ်ရပ် အောက်မေ့ဖွယ် ၂၅ နှစ် ပြည့်အခမ်းအနားမှာ အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန်နဲ့ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်တို့က ဗွီဒီယိုကွန်ဖရင့်ကနေ ဝမ်းနည်း စကား ပြောကြားခဲ့တာကိုလည်း ရိုက်တာက ဖော်ပြခဲ့ပါတယ်။