Home
မြန်မာသတင်း
ကယားပြည်နယ်က ဝက်များ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးခြင်းဖြစ်
DVB
·
July 11, 2020
ကယားပြည်နယ်၊ လွိုင်ကော်က သေဆုံးခဲ့တဲ့ ဝက်တွေမှာ အာဖရိက ဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ဗီဇတွေ့တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့နယ် ရှမ်း ကယားနယ်စပ် ပီကင်းကောခူကျေးရွာက ဝက်ခြံတခုမှာ ဇွန်လကုန်ပိုင်းကစလို့ ဝက်တွေ ဆက်တိုက်သေဆုံးခဲ့ပြီး နေမကောင်းတဲ့ ဝက် ၆ ကောင်ရဲ့ ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးရာမှာ အခုလို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒါကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ဆီကိုလည်း ဇူလိုင် ၉ ရက်နေ့က သတင်းပို့ထားပြီလို့ ဆိုပြီး မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါတော့ မတွေ့ရဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူကိုတော့ လုံးဝ မကူးစက်နိုင်ဘူးလို့လည်း ထုတ်ပြန်ဖော်ပြထားပြီး ရောဂါမပျံ့နှံ့ဖို့အတွက် လိုက်နာရမယ့် အချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ တခြားဝက်ရောဂါတွေ ဖြစ်ပွားနေလို့ ပြည်တွင်းမှာ ဝက်သားစားသုံးမှုနှုန်းထက်ဝက်ကျဆင်းပြီး ဈေးကွက်ပျက်နေတယ်လို့ မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း (ဗဟို) အတွင်းရေးမှူး ဦးအောင်စိုးမင်းကျော်က ပြောပါတယ်။ ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှုတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက စလို့ မြန်မာနိုင်ငံ ဒေသတချို့မှာ ဖြစ်နေခဲ့ပြီး အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးတာကတော့ လတ်တလောစာရင်းအရ ဝက်အကောင်ရေ ၃၀၀၀ ရှိတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက ဆိုပါတယ်။  ဒီရောဂါကို ပြည်တွင်းမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် နေရာ  ၆ နေရာ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ နေရာစီနဲ့ စုစုပေါင်း ၈ နေရာမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။  လွိုင်ကော်မြို့နယ် ပီကင်းကောခူရွာက ဝက်ကောင်ရေအများဆုံးမွေးတဲ့ ခြံမှာတော့ ကောင်ရေ ၁၄၀ လောက်မှာ အားလုံးနီးပါးသေဆုံးခဲ့ပြီး ကျန်တဲ့ ဝက်တချို့ကိုတော့ သက်ဆိုင်ရာက သုတ်သင်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပီကင်းကောခူကျေးရွာတွင်း စိပီဝက်မွေးမြူတဲ့ တပိုင်တနိုင်ဝက်ခြံတွေမှာလည်း ဝက်တွေ ဖျားနာသေဆုံးမှုတွေရှိနေပါတယ်။ စီပီဝက် ၁၀ ကောင်မွေးထားသူတဦးက  “ကျမက ၁၀ ကောင်မွေးထားတာ ၆ ကောင်သေသွားပြီး။ ၇ ရက်နေ့တုန်းက တကောင်၊ ဒီနေ့ ၅ ကောင်သေသွားတယ်” လို့ ပြောပါတယ်။ ဝက်တွေ ရောဂါစဖြစ်တာ လွန်ခဲ့တဲ့လကုန်ပိုင်းကတည်းက သိပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှု နောက်ကျတဲ့အတွက် ဆုံးရှုံးမှုတွေ များရတာလို့ ဝက်ကောင်ရေ ၂၀ မွေးမြူထားတဲ့ မားရ်တာက ပြောပါတယ်။ သူ့ခြံမှာ ဝက်မတကောင်ဖျားနာနေပြီ ကျန်ဝက်တွေကတော့ ကျန်းမာနေပေမယ့် သက်ဆိုင်ရာက ရှင်းလင်းခိုင်းရင်တော့ ရှင်းလင်းမယ်လို့ ပြောပါတယ်။ “ဒီရောဂါဖြစ်တာ ၆ ရက်နေ့ကတည်းက၊ ဒါပေမယ့် မနေ့ ၁၀ ရက်နေ့ကမှ သတင်းထုတ်ပြန်တယ်ဆိုတော့ ဒါနည်းနည်းတော့ ဒီကြားထဲမှာ အချိန်က ကြန့်ကြာနေတယ်ပေါ့။ ဒီထက်ပိုပြီး သတင်းမြန်မြန်ထုတ်ပြန်ပေးရင်ကောင်းတာပေါ့၊ ဒီလိုထုတ်ပြန်ပြီးတော့မှ မွေးမြူရေးသမားတွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့ရတာပေါ့။ အခုလည်း သူတို့ဘယ်လိုပြောလာမလဲ မသိဘူး၊ အကုန်လုံး ခြံလုံးပြတ် သုတ်သင်ခိုင်းမလား၊ ရောဂါဖြစ်နေတဲ့ကောင်ကိုပဲ လုပ်ခိုင်းမလား မပြောတတ်သေးဘူးပေါ့နော်။ သူတို့လာမှပဲ သူတို့လုပ်ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲလေ။ ” တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ကွင်းဆင်းခဲ့ပြီး လတ်တလောမှာ ဒီရောဂါအတွက် ကာကွယ် ကုသဆေးမရှိတာကြောင့် သန့်ရှင်းအောင်ထားဖို့၊ ၃ ရက် တကြိမ် ဝက်ခြံတွေမှာ ဆေးဖျန်းဖို့ ပြောခဲ့တယ်လို့ တပိုင်တနိုင် ဝက်မွေးသူ တယောက်က ပြောပါတယ်။ ပီကင်းကောခူကျေးရွာမှာ စီးပွားဖြစ်မွေးမြူရေးခြံ ၇ ခြံရှိပြီး ဝက်မွေးမြူသူတွေဟာ မြစိမ်းရောင်ချေးငွေချေးယူ မွေးမြူကြတာကြောင့် အဲဒီချေးငွေတွေ ပြန်မဆပ်နိုင်မှာ စိုးရိမ်ပူပန်နေကြပါတယ်။  ဒီရောဂါက ပြင်းထန်မယ်ဆိုရင် ဝက်တွေ ချက်ချင်း သေဆုံးနိုင်သလို၊ ကူးစက်ခံရပြီး မှိုင်တွေလာတာ၊ ခန္ဓာကိုယ်မှာ အရောင်ပြောင်းတာ စတဲ့ ရောဂါလက္ခဏာတွေပြပြီးမှ သေဆုံးတာလည်း ရှိပါတယ်။ နောက်တမျိုးကတော့ နာတာရှည်ရောဂါလိုဖြစ်ပြီး အရိုးအဆစ်တွေ ရောင်ပြီး သေဆုံးတာမျိုးလည်း ရှိတယ်လို့ သိရပေမယ့် ဒီရောဂါလက္ခဏာတွေဟာ တခြား ဝက်ရောဂါတွေနဲ့လည်း ခွဲခြားရခက်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့မှာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အကောင်ရေ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024