Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် လူနေမှုစနစ်တခုလုံး ပြောင်းလဲမှုလုပ်ရန် မလိုဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
July 11, 2020
ကိုဗစ်-၁၉ ကြောင့် လူနေမှုစနစ်တခုလုံး ပြောင်းလဲတာလုပ်ဖို့လိုမှမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲတချို့ လုပ်ဖို့လိုမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူသားတွေဟာ အခြေအနေလိုအပ်ချက်နဲ့ညီအောင်နေထိုင် ရှင်သန်နိုင်ကြပြီး ကာကွယ်ကုသဆေးတွေ မပေါ်လာခင်အထိတော့ နေထိုင်ပုံတချို့ ပြောင်းဖို့လိုတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားပြောဆိုလိုက်တာပါ။ ‘New Normal’ ဆိုတဲ့အသုံးအနှုန်းက စဉ်းစားစရာပါ။ ‘နေထိုင်မှုပုံစံအသစ်’လို့အဓိပ္ပာယ်ဖော်ရမလား။ ကိုဗစ်ကြောင့် ကမ္ဘာကြီးက ပြန်မပြောင်းနိုင်တော့တဲ့အနေအထား ရောက်သွားလို့ ပုံစံအသစ်နဲ့ အားလုံးနေသွားကြရမယ့် သဘောလား။ ဒီအချိန်မှာတော့ ဆုံးဖြတ်ဖို့ စောသေးပါတယ်။ ကိုဗစ်တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ၊ လူနေမှုစနစ်တခုလုံး ပြောင်းလဲတာအထိ မဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ်” လို့ ဆိုပါတယ်။ ပုံစံသစ်တချို့ ဖြစ်လာပေမဲ့ လူတွေရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းတယ်လို့ မဆိုင်နိုင်ဘဲ ပထမ၊ ဒုတိယကမ္ဘာစစ်တွေရဲ့ အကျိုးဆက်လို့ ဆိုရမဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တချို့ဟာ အခုဆိုရင် အဟောင်းလိုတောင် ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။ “ကျမတို့ ကမ္ဘာလူသားတွေဟာ သမိုင်းတေလျှောက် ကပ်ရောဂါကြီးများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၁၄ ရာစုနှစ်အတွင်း ရိုက်ခတ်သွားတဲ့ ပလိပ်ရောဂါကပ်ကြီးကြောင့် လူတွေ သန်းရာနဲ့ချီတဲ့အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အကျိုးဆက်အနေနဲ့ လူ့အသိုင်းအဝိုင်းအချို့မှာ လူမှုရေး၊ စီးပွားရေးပုံစံတွေ ပြောင်းလဲသွားခဲ့ပေမဲ့ လူသားတွေ နေထိုင်မှုပုံစံတွေ ပြောင်းသွားတယ်လို့တော့ မဆိုနိုင်ပါဘူး။” စက်မှုတော်လှန်ရေး၊ ဆက်သွယ်ရေးနည်းပညာ တော်လှန်ရေးတွေကြောင့်လည်း နေ့စဉ်ဘဝပုံစံတွေ ပြောင်းလဲရတယ်လို့ သူက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024