Homeမြန်မာသတင်း
တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ပြန်ခေါ်
တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ပြန်ခေါ်
DVB
·
July 11, 2020
တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ ပညာသင်များအပါအဝင် မြန်မာနိုင်ငံသား ၁၆၁ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့ညက ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် တရုတ်နိုင်ငံမှာ ပညာသင်ကြားနေသူ မြန်မာနိုင်ငံသား ၇၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည ၉ နာရီခွဲကျော်လောက် ပြန်ရောက်လာခဲ့ပါတယ်။
အလားတူ ထိုင်းနိုင်ငံမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၈၆ ဦးကိုလည်း မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မနေ့ည ၇ နာရီခွဲကျော်လောက် ပြန်လည်ရောက်ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ ပြန်ရောက်လာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်စေပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းကလည်း ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၅၅ ဦးအား China Airline Cargo လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လဉ်ခေါ်ဆောင်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလ မြန်မာနိုင်ငံကို နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ ယာယီရပ်ဆိုင်းတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဒီနေ့အထိ စုစုပေါင်း ၇၃၀၁ ဦးရှိပြီလို့ သိရပါတယ်။