ဝက်ရောဂါကြောင့် ဝက်သားစားသုံးနှုန်း ထက်ဝက်ကျပြီး ဈေးကွက်ပျက်နေ
DVB
·
July 11, 2020
အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ တခြားဝက်ရောဂါတွေ ဖြစ်ပွားနေလို့ ပြည်တွင်းမှာ ဝက်သေဆုံးမှုတွေ မြင့်တက်နေပြီး ဝက်သားစားသုံးမှု နှုန်းထက်ဝက်ကျဆင်းကာ ဈေးကွက်ပျက်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ငန်းရှင်အသင်းက ပြောပါတယ်။
ရောဂါကြောင့် ဝက်အသေအပျောက်များပြီး ဆုံးရှုံးမှုတွေ ရှိလာတာကြောင့် အချို့ဝက်မွေးမြူလုပ်ငန်း လုပ်ကိုင်သူတွေဟာ ဈေးချရောင်းချမှုတွေ ရှိနေသလို၊ ရောဂါဖြစ်နေတဲ့ ဝက်တွေကို တရားမဝင်ပေါ်ပြီး ဈေးပေါပေါနဲ့ ရောင်းချမှုတွေ ရှိနေပါတယ်။
ဒါကြောင့် လတ်တလော ဝက်နဲ့ ဝက်သားဈေးကွက်ဟာ ပျက်နေတဲ့ အနေအထား ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း (ဗဟို) အတွင်းရေးမှူး ဦးအောင်စိုးမင်းကျော်က ပြောပါတယ်။
အရင်က ပုံမှန် ၁ ပိဿာကို ၆၅၀၀ ကျပ်၊ ၇၀၀၀ ရှိတဲ့ ဝက်အရှင်ချိန်ဈေးနှုန်းက လက်ရှိမှာ ၅၀၀၀ ကျပ်ထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဝက်အသားဈေးကလည်း အရင်က အနိမ့်ဆုံး ၇၅၀၀ ကနေ အမြင့်ဆုံး ၁၂၀၀၀ ရှိခဲ့ပေမဲ့ လက်ရှိမှာ အမြင့်ဆုံး ကျပ် ၇၅၀၀ ဈေး ပဲရှိပြီး ဝက်ဈေးကွက် ပျက်နေတယ်လို့ ဆိုပါတယ်။
ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှုတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ဒေသအချို့မှာ ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် မွေးမြူရေးနဲ့ကုသရေး ဦးစီးဌာနအနေနဲ့ ဘယ်ရောဂါကြောင့် သေဆုံးတယ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိမ်းမော်က ပြောပါတယ်။
အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးမှုကတော့ လတ်တလောစာရင်းအရ ဝက်အကောင်ရေ ၃၀၀၀ ရှိတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက ဆိုပါတယ်။
ဒီရောဂါကို ပြည်တွင်းမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် နေရာ ၆ နေရာ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တစ်နေရာစီနဲ့ စုစုပေါင်း ၈ နေရာမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆုံး ဖြစ်ပွားခဲ့တာကတော့ လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာပါ။ စုစုပေါင်း ဝက်အကောင်ရေ ၁၂၀ မွေးမြူထားတဲ့ ခြံမှာ ဝက်အကောင်ရေ ၆၁ လောက် သေဆုံးမှု ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါက ပြင်းထန်မယ်ဆိုရင် ဝက်တွေ ချက်ချင်း သေဆုံးနိုင်သလို၊ ကူးစက်ခံရပြီး မှိုင်တွေလာတာ၊ ခန္ဓာကိုယ်မှာ အရောင်ပြောင်းတာ စတဲ့ ရောဂါလက္ခဏာတွေ ပြပြီးမှ သေဆုံးတာလည်း ရှိပါတယ်။ နောက်တမျိုးကတော့ နာတာရှည်ရောဂါလိုဖြစ်ပြီး အရိုးအဆစ်တွေ ရောင်ပြီး သေဆုံးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီရောဂါလက္ခဏာတွေဟာ တခြား ဝက်ရောဂါတွေနဲ့လည်း ခွဲခြားရခက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့မှာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အကောင်ရေ ၄၀ ကျော် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ ဒီကူးစက်ရောဂေတွေနဲ့ ပက်သက်ပြီးလုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ ကာကွယ် ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
စိုးချစ်ချစ်ပိုင်