အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က ပြန်လာသည့် ၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 10, 2020
ဓာတ်ခွဲနမူနာ ၁,၃၀၂ ခု စစ်ဆေးချက်အရ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၅၄ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၀၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က အခု ၁၄၀၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၀၃ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၉၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၀၂ ခုအား ဒီနေ့ည ပထမသုတ်အဖြစ် စစ်ဆေးခဲ့တာပါ။
အိန္ဒိယက ပြန်လာတဲ့ လူနာသစ် ၃ ဦးက ရန်ကုန်တိုင်း ကမာရွတ်၊ ဗဟန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေကဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ လူနာသစ် ၂ ဦးကတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖြစ်ပါတယ်။
သူတို့အားလုံးကို ကျောက်တံတားနဲ့ မောင်တောမြို့နယ်တို့မှာ အသွားအလာ ကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးမှာ ၃ ဦးနဲ့ မောင်တောမြို့ ဆေးရုံမှာ ၂ ဦး ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၅၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၀နဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၅၅၈,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၂၅ သန်းရှိပြီလို့ သိရပါတယ်။