အောင်သပြေတိုးဂိတ်တွင် ယာဉ်ဖြတ်သန်းခ ပြန်ကောက်သဖြင့် ဒေသခံယာဉ်များ ပိတ်ဆို့ကန့်ကွက်
DVB
·
July 10, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အောင်သပြေတိုးဂိတ်မှာ ဇူလှိုင်လ ၁၀ ရက်နေ့က ဒေသခံယာဉ်တွေဖြတ်သန်းခ ပြန်လည်ကောက်ခံတဲ့အပေါ် မော်တော်ယာဉ်တွေနဲ့ပိတ်ဆို့ ကန့်ကွက်ခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကာလမှာ ဒေသခံတွေ ဆန္ဒပြခွင့်ပြုခြင်းမရှိသလို ဒေသခံ မော်တော်ယာဉ် ဖြတ်သန်းခ မကောက်ခံဘူးလို့ ရဲတပ်ဖွဲ့က ပြောပေမယ့် ဒီကနေ့ လုံခြုံရေးအင်အားနဲ့ ဖြတ်သန်းခကောက်ခံတဲ့အပေါ် ကန့်ကွက်ခဲ့ကြတာလို့ ဒေသခံ ဦးကျော်အေးက ပြောပါတယ်။
မနက် ၈ နာရီကတည်းက တိုးဂိတ်ရဲ့အသွားအပြန် လမ်းကြောင်းနှစ်ခုကို ဒေသခံတွေက မော်တော်ယာဉ် ရပ်တန့်ပိတ်ထားပြီး ကန့်ကွက်ကြတာပါ။
ရွှေညောင်မြို့ အောင်သပြေ တိုးဂိတ် စတင်ပြုလုပ်ချိန်မှာလည်း ဒေသခံတွေ ကန့်ကွက်တဲ့အတွက် ဒေသခံမော်တော်ယာဉ်တွေ ဖြတ်သန်းခပေးဆောင်စရာမလိုဘဲ နှစ်လေးဆယ် ဖြတ်သန့်ခွင့်ပေးထားတယ်လို့ ဒေသခံ ကိုစည်သူက ပြောပါတယ်။
အခုလို ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲသွေးနဲ့ ကုမ္ပဏီဘက်က တိုးဂိတ်တာဝန်ခံ ဦးသက်ဦးတို့ကို ဒီဗွီဘီက မေးမြန်းရာမှာတော့ ညှိနှိုင်းဖြေရှင်းလို့ မရသေးတဲ့အတွက် တစ်စုံတစ်ရာ ပြောပေးနိုင်တာ မရှိသေးဘူးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒေသခံတွေက နိုင်ငံသားအခွင့်အရေးကိုမဆုံးရှုံးချင်တဲ့အတွက် တိုးဂိတ်ကို မြို့ပြင်ရွှေ့ပေးဖို့ လိုလားနေကြပါတယ်။
ကုမ္ပဏီဘက်ကလည်း ဒေသခံ မော်တော်ယာဉ် အမှတ်အသားကို ကဒ်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် လာရောက်ပြုလုပ်ဖို့ ကြော်ငြာထားပါတယ်။
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းအစိတ်အပိုင်း ဖြစ်တဲ့ ကလော - တောင်ကြီးလမ်းပိုင်း ၄၈ ပေအကျယ် ၂ လမ်းမောင်း(၄ လမ်းသွား) ကတ္တရာကွန်ကရစ် AC လမ်းကို တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က တာဝန်ယူဆောက်လုပ်ပေးတာ ဖြစ်ပါတယ်။
ခွန်ရာဇာ