Home
မြန်မာသတင်း
ရခိုင်တွင် စစ်ဘေးဒုက္ခသည် ၂ သိန်းခန့် ရှိလာသဖြင့် စားဝတ်နေရေးအခက်ကြုံ
ဝဏ္ဏခွာညို
·
July 9, 2020
ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် စစ်ဘေးဒုက္ခသည် ၂ သိန်းနီးပါး ရှိလာပြီး စားဝတ်နေရေးအခက် အခဲကြုံနေရတယ်လို့ ရခိုင်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်ကနေ နှစ်ဖက် တိုက်ပွဲတွေဖြစ်လာတာ အခုလိုဆိုရင် ၂ နှစ်နီးပါးအထိ ရှိလာနေပြီး စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂ သိန်းပါးအထိ ရှိနေတာပါ။ ရခိုင်တိုင်ရင်းသားမျိုးနွယ်စုများ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက“ အခုဆိုရင် စစ်ဘေးဒုက္ခသည် ၁၉၀၀၀၀ ကျော်အထိ ရှိနေ လာနေပါတယ်။ ဒါပေမဲ့ တချို့စာရင်း အတိကျ မကောက်နိုင်တာတွေရှိတယ်။ တချို့ အကူအညီမပေးနိုင်တာတွေရှိတယ်။ အခက်အခဲ တော်တော်လေးဖြစ်နေကြတယ်”လို့ပြောပါတယ်။ အသစ်ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်မှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်ရာ နေရာ မရှိတာကြောင့် နီးစပ်ရာ မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေမှာ နေ ထိုင်ကြလို့ စာရင်းတိတိကျကျ ကောက်ဖို့ အခက်အခဲရှိတယ်လို့ ဦးဇောဇော်ထွန်းကဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး နဲ့ စစ်ဆင်ရေးတိုးမြှင့် ကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ထပ်တိုးလာတာရှိတယ်လို့ ရခိုင်တိုင်းရင်းသားများ မျိုးနွယ်အစည်းအရုံး (REC) က ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြောက်ပိုင်း ကျောက်တန်းတိုက်နယ်မှာ တပ်မတော်က ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေမှာ နယ်မြေရှင်းလင်းဖို့ ကြေညာချက်ထုတ်ပြီးနောက်မှာ ဒေသခံတော်တော်များများ နေရပ်စွန့်ခွာပြီး မြို့ပေါ်တွေကို ထွက်ပြေးလာကြပါတယ်။ ဒါပေမယ့် တပ်မတော်က နယ်မြေရှင်းလင်ရေးလုပ်ဖို့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ရက်အနည်းငယ်မှာပဲ အဲ့ဒီထုတ်ပြန်ချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် အဲ့ဒီဒေသက ကျေးရွာသား တွေ သောင်းနဲ့ချီ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေမြို့ကို ထွက်ပြေးလာကြပါတယ်။ အခုရက်ပိုင်းမှာ စစ်တွေမြို့ပေါ်ကို စစ်ဘေးဒုက္ခသည်တွေ ၂၅၀၀ လောက်၊ ရသေ့တောင်မြို့ပေါ်ကို ၃၀၀၀ လောက်၊ ဘူးသီးတောင်မြို့ပေါ်ကို ၁၅၀၀ လောက်၊ ပုဏ္ဏားကျွန်း မြို့ပေါ်ကို ၁၂၀၀ လောက်နဲ့ နီးစပ်ရာကျေးရွာတွေကို ၁၂၀၀၀ လောက် ယာယီထွက်ပြေး ခိုလှုံနေရတယ်လို့ REC ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။ ရခိုင်တိုင်ရင်းသားမျိုးနွယ်စုများ အစည်းအရုံး အတွင်းရေးမှူးဦးဇော်ဇော်ထွန်း က “ဇွန်လထဲ မှာ စစ်တပ်ကစစ်ဆင်ရေးတွေ တိုးမြှင့်လာတာတွေရှိတယ်။ ကျေးရွာတွေကိုလည်း နယ်မြေ ရှင်းလင်းရေးပုံစံလာလုပ်တာလည်းရှိတယ်။ နောက်တစ်ခုကတော့ အမ်းနဲ့ ကျောက်တန်း တိုက်နယ်မှာ နယ်မြေလင်းရှင်းရေးလုပ်ရန်အတွက်၊ စစ်ဆင်ရေးအတွက် ရွာသားတွေကို ယာယီ တိမ်းရှောင်ပေးဖို့အတွက် တရားဝင်စာတွေထုတ်ပြီးတော့ အကြောင်းကြားလာတာတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ လူတွေကပိုပြီးတော့ စိုးရိမ်လာကြတယ်။ အဲဒီအခြေအနေတွေကြောင့် တိုးလာတာဖြစ်တယ်” လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲကြောင့် ထွက်ပြေး နေကြရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဦးရေ ၁၉၀၇၀၈ ဦးရှိတယ်လို့ ဇူလိုင် ၇ ရက်နေ့က REC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024