နောင်ချိုတွင် ငွေကျပ်သိန်းပေါင်း ၂၄,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 9, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၂၄,၀၀၀ လောက် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချို-ရပ်စောက် သွားကားလမ်းမှာ ရှာဖွေ စစ်ဆေး နေတုန်း လားရှိုးမြို့နေ စိုင်းစံမြင့်(ခ)မာန်အောင် မောင်းနှင်ပြီး အောင်သောင်း ၂၆ နှစ် လိုက်ပါလာတဲ့ မြေသယ်ယာဉ်ကို စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၈၀ဝ,ဝ၀ဝ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၆၀ဝ၀)၊ ရောင်စုံ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၂၆ ဒသမ ၁၈ ကီလို (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၇၈၅၄ သိန်း)၊ လက်ကိုင် ဖုန်း ၃ လုံး၊ မော်တော်ယာဉ်နံပါတ်ပြား ၂ ခုနဲ့ မြန်မာငွေကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်ဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။