ဆန်ချိုနှင့် အနာဂတ်တွင် တွဲကစားခွင့်ရရှိရေးအတွက် စိတ်လှုပ်ရှားနေသည့် ပေါ့ဘာ

အနာဂတ်ကာလမှာ ဂျေဒန်ဆန်ချိုနဲ့အတူ ယူနိုက်တက်အသင်းမှာ ကစားခွင့် ရရှိနိုင်လာမယ့်အပေါ်  ကွင်းလယ်လူ ပေါ့ဘာက စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဆန်ချိုဟာ တိုက်စစ်အင်အားကို မြှင့်တင်ဖို့ ရည်ရွယ်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဦးစားပေး ပစ်မှတ်ကစားသမားတဦးလည်း ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဘက်ကလည်း ဆန်ချိုကို ရောင်းချဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ကစားသမားရဲ့ ဈေးနှုန်းကို ယူရို သန်း ၁၂၀ သတ်မှတ်ထားတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေါ့မွန်ဘက်က ဆန်ချိုကို ခေါ်ဖို့၊ မခေါ်ဖို့ ဆိုတာကို သူတို့ရဲ့ ရာသီကြို လေ့ကျင့်မှု စတင်မယ့် သြဂုတ် ၁၀ ရက်မတိုင်ခင် ဆုံးဖြတ်ချက်ချသွားဖို့လည်း အလိုရှိနေပါတယ်။ ဒါ့ပေမဲ့ တဘက်မှာလည်း ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းဖို့၊ မပြောင်းဖို့ ဆုံးဖြတ်ရာမှာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရ၊ မရ ဆိုတဲ့အချက်ကို ထည့်သွင်း စဉ်းစားသွားဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ကစားသမားတွေဟာ နောက်ရာသီမှာ ဆန်ချိုနဲ့ တွဲကစားသွားဖို့ စိတ်အားထက်သန်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။  ပေါ့ဘာဟာ ဆန်ချိုနဲ့ တွဲကစားရဖို့ကို စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဘက်က အရှိန်မြှင့်တင် ဆောင်ရွက်နေခြင်းဟာ သူ့ကိုအသင်းမှာ ဆက်ထိန်းဖို့ လုပ်ဆောင်ချက်တခုလို့ ပေါ့ဘာက ထင်မြင်နေပါတယ်။  ပေါ့ဘာဟာ မကြာသေးခင်‌က မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပေါ့ဘာဟာ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အထူးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up