ဒေ၀ူးကုမ္ပဏီက မြန်မာ့သဘာဝဓာတ်ငွေ့များ တရုတ်ကို စတင်ရောင်းမည်
DVB
·
May 24, 2013
တောင်ကိုရီးယားရဲ့ ဒေ၀ူးကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို မကြာခင် စတင်ရောင်းချတော့မယ်လို့ ကိုရီးယား သံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။
ဒေ၀ူးကုမ္ပဏီဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ရခိုင်ကမ်းလွန်ပင်လယ်ပြင် အမှတ် A1နဲ့ A3 လုပ်ကွက် ၂ ခုမှာ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုတွေကို အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းယူပြီး တခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
လာမယ့် ဇွန်လက စပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေ စတင်တော့မှာဖြစ်ပြီး တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (စီအန်ပီစီ)ကို စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။
ဓာတ်ငွေ့တွေကိုတော့ အခုလကုန်ပိုင်းမှာ ဖောက်လုပ် ပြီးစီးတော့မယ့် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထိ ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ ကုန်းတွင်းပိုင်း ဓာတ်ငွေ့ပိုက်လိုင်းကနေတဆင့် တင်ပို့မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
ဒေ၀ူးကုမ္ပဏီအနေနဲ့ ဒီလုပ်ကွက် ၂ ခုကနေ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀၀ လောက်ကို လာမယ့် နှစ်ပေါင်း ၂၅ ကနေ ၃၀ လောက်ထိ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။