ရုပ်သံလိုင်း ၃ ခု ထပ်မံတိုးချဲ့မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနပြော
DVB
·
May 24, 2013
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းရုပ်သံလိုင်းအပြင် နောက်ထပ် ရုပ်သံလိုင်း ၃ လိုင်းကို လာမယ့် စက်တင်ဘာမှာ ထပ်မံထုတ်လွှင့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုးချဲ့ထုတ်လွှင့်မယ့် သတင်းလိုင်းတွေကတော့ လွှတ်တော်နဲ့ပတ်သက်တဲ့ ရုပ်သံလိုင်း၊ တောင်သူလယ်သမားတွေကို ကိုယ်စားပြု ရုပ်သံလိုင်းနဲ့ တိုင်းရင်းသားဘာသာစကား ၈ မျိုးနဲ့ ထုတ်လွှင့်မယ့် တိုင်းရင်းသားဘာသာရုပ်သံလိုင်းတွေ ဖြစ်ပါတယ်။
ထပ်ပြီး တိုးချဲ့မယ့် ရုပ်သံလိုင်းတွေထဲမှာ ထူးခြားတာက တောင်သူလယ်သမားတွေနဲ့ တိုင်းရင်းသားတွေအတွက် သီးသန့်ရုပ်သံလိုင်းတွေ ဖြစ်ပါတယ်။
[caption id="attachment_35547" align="alignleft" width="248" caption="ဦးရဲထွဋ်"][/caption]
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-ဝန်ကြီး ဦးရဲထွဋ်က “နံပါတ် ၁ က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်းကတော့ သတင်းဦးစားပေးလိုင်းဖြစ်သွားမှာပေါ့။ နံပါတ် ၂ ကတော့ ပြည်သူ့လွှတ်တော် ရုပ်သံလိုင်းတခု ပေါ်လာမယ်။ သူက လွှတ်တော်ကျင်းပတဲ့အချိန် ဆွေးနွေးတာတွေကို အပြည့်အစုံ ထုတ်လွှင့်ပေးမယ်။ လွှတ်တော်နားနေတဲ့အချိန်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကော်မတီအသီးသီးရဲ့ လုပ်ဆောင်မှုတွေ၊ နောက် ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခန်းတွေကို လွှင့်မယ်။ တတိယလိုင်းကတော့ ပြည်သူအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ။ သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုတဲ့အနေနဲ့ တောင်သူလယ်သမားတွေအတွက် သီးခြား ရုပ်မြင်သံကြား ထုတ်လွှင့်မယ်။ နံပါတ် ၄ ကတော့ တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ရုပ်သံလိုင်းပါ။ အဲမှာ တိုင်းရင်းသားဘာသာစကား ၈ မျိုးနဲ့ ထုတ်လွှင့်ဖို့ ရှိပါတယ်။”
လွှတ်တော်၊ တောင်သူလယ်သမား၊ တိုင်းရင်းသား အစရှိတဲ့ သတင်းလိုင်း ၃ ခုကို တိုးချဲ့တဲ့အခါမှာ လက်ရှိမြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်းကတော့ သတင်းသီးသန့်ထုတ်လွှင့်ပေးတဲ့ လိုင်းဖြစ်သွားမှာပါ။
အရင်က အစိုးရရဲ့အာဘော်အများဆုံးပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အရနည်းခဲ့တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ဆက်စပ်လိုင်းတချို့ဟာ အခုဆိုရင် ထုတ်လွှင့်တင်ဆက်မှုပုံစံတွေ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲနေတဲ့အတွက် ပရိသတ်တွေ လက်ခံအားလာကြပြီ ဖြစ်ပါတယ်။