ဆီးရီးယားနှင့် ရုရှား လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုသင့်သည့်အဆင့်ရောက်ဟု ကုလပြော

ဆီးရီးယားနဲ့ ရုရှား လေယာဉ်တွေဟာ လေကြောင်းပစ်ခတ်မှုတွေ ဆောင်ရွက်နေတာကြောင့် အိဒလစ်ဘ်ပြည်နယ်ထဲက ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကို ထိမှန်ခဲ့တဲ့အတွက် ဘာသာရေး စစ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေနည်းတူ စစ်ရာဇဝတ်မှုသင့်တဲ့ ပမာဏကို ရောက်နေပြီလို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ဇူလိုင် ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။ တူရကီက ဖျန်ဖြေပေးတဲ့ မတ်လ အပစ်အခတ်ရပ်စဲရေးမတိုင်ခင်မှာ ဆီးရီးယား အစိုးရကို လိုလားတဲ့ တပ်တွေရဲ့ ဗုံးကြဲမှုတွေကြောင့် ရာချီတဲ့လူတွေ သေဆုံးခဲ့ပြီး အရပ်သားအယောက် ၁ သန်းလောက် ထွက်ပြေးခဲ့ရတယ်။  ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်လောက်တဲ့ ပမာဏ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။  ဆီးရီးယား အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဘာသာရေး စစ်ဝါဒီအုပ်စု တာရီယာ အယ်လ်ရှမ်းဟာ အရပ်သားတွေနေတဲ့ ဧရိယာတွေဆီကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာဟာ တရားဝင်တဲ့ စစ်ရေးရည်မှန်းချက် ရှိပုံမရဘူးလို့ ဆီးရီးယားအရေး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က စွပ်စွဲ ပြောဆိုပါတယ်။  နတ်စ်ရာတပ်ဦးလို့ အစောပိုင်းက သိကြတဲ့အဲဒီအဖွဲ့ထဲက တိုက်ခိုက်ရေးသမားတွေဟာ ထိန်းသိမ်းခံတွေကို ညှဉ်းဆဲ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ နိုဝင်ဘာကနေ ၂၀၂၀ ဇွန်လ အကြားကာလကို ကာမိအောင် စစ်တမ်းပြုစုထားတဲ့ အစီရင်ခံစာဟာ ဂြိုဟ်တုတွေ လေယာဉ်တွေကနေ အနီအောကေရောင်ခြည်ကို သုံးပြီးဖြစ်စေ အမြင်အရဖြစ်စေ ရယူထားတဲ့ သတင်းအချက်အလက်တွေနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို အခြေခံပြီး အစီရင်ခံထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up